ကမ္ဘောဇတိုင်း
.
NLD ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု အောင်မြင်ခြင်းရှိ/မရှိကို
လာမည့် ၅ နှစ်အတွင်း အကဲဖြတ်ရမည်ဖြစ် ကြောင်း ကယန်းအမျိုးသားပါတီ (KNP) မှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကယန်းတိုင်းရင်းသားလူမျိုးရေးရာကိုယ်စား လှယ်
ခွန်းတင်နုက ပြောဆိုခဲ့သည်။
.
.အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)
မှ ဒေါက်တာအောင်မိုးညို ဦးဆောင်သော တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့သည်
တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားပါတီများနှင့် တစ်ပါတီ
ချင်းစီအလိုက် တွေ့ဆုံဆွေးနွေးနေခြင်းဖြစ်ပြီး ယင်းဆွေးနွေးမှုနှင့် ပတ်သက်၍ KNP
ပါတီမှ ခွန်းတင်နုက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
“တိုင်းရင်းသားတွေနဲ့ NLD နဲ့
အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ဖို့ ဆိုတဲ့ သဘောတူညီချက်တွေကို ပြန်ပြီး အမှတ်ရ အောင် တင်ပြခဲ့ပါတယ်။ တိုင်းရင်းသား ရေးရာဝန်ကြီးက
တခြားသော ဌာနဝန်ကြီးလို ဘတ်ဂျက်တိုးမြှင့် သုံးစွဲနိုင်ဖို့ ကိစ္စတွေ၊ တိုင်းရင်းသားတွေရဲ့
လွဲမှားနေ တဲ့ မှတ်ပုံတင်ကိစ္စတွေကို တင်ပြဖြစ်ပါတယ်။ ဆွေးနွေးပွဲ အောင်မြင်တယ်၊ မအောင်မြင်ဘူး
ဆိုတာကတော့ ပြောလို့ မရဘူး။ ကျွန်တော်တို့ဘက်က လက်ရှိနိုင်ငံရေးအခြေအနေရယ်၊ တင်ပြသင့်
တယ်လို့ ထင်တဲ့အချက်တွေကို တင်ပြခဲ့ပါတယ်။ လာမယ့် ၅ နှစ်အတွင်းမှာပဲ အောင်မြင်မယ်၊
မအောင်မြင်ဘူး ဆိုတာ အကဲဖြတ်ရမှာဖြစ်ပါတယ်။ ဒီနေ့ တွေ့ဆုံမှုကိုတော့ အားရကျေနပ်မှု
ရှိပါတယ်” ဟု တွေ့ဆုံဆွေးနွေးပွဲ အပြီး၌ ခွန်းတင်နု က မီဒီယာများသို့ ပြောဆိုခဲ့သည်။
.
ဒေါက်တာ အောင်မိုးညို ဦးစီးသော NLD တွေ့ဆုံဆွေးနွေးရေးအဖွဲ့သည် ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်က ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ပါတီ (PNO)၊ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) ပါတီမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးဖြစ်ကာ ယနေ့ ဇန်နဝါရီလ ၁၄ ရက်၊ ညနေပိုင်းတွင် ကယန်းအမျိုးသားပါတီ (KNP) မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းနှင့် လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့်လည်း ဆက်လက် တွေ့ဆုံဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။
.
ကယန်းအမျိုးသားပါတီ (KNP) မှ
ခွန်းတင်နုသည် ရှမ်းပြည်နယ်လွှတ်တော် ကယန်းတိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်လောင်းနေရာအတွက်
၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ လက်ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ခွန်းအေးမောင်ကို ဆန္ဒမဲပေါင်း ၂၈၀၀ ကျော် အသာဖြင့်
အနိုင်ရရှိထားခြင်း ဖြစ်သည်။
.