မင်းဇော်မင်း
.
ကျောက်မဲမြို့နယ်တွင် ဇန်နဝါရီလ ၂၁ ရက်မှ ၂၂ ရက်အထိ
၂ ရက်တာအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ကျောက်မဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော
လှည့်ကင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ယနေ့ ဇန်နဝါရီလ ၂၂ ရက်၊ နေ့လယ် ၂ နာရီအချိန်ခန့်က
ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာအုပ်စု၊ ပန်မောင်ကျေးရွာနေ မဆွေ (ခ) ခင်မာဆွေ၏
နေအိမ်အား ဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်း သိုဝှက်ထားသည့် WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၇၃ ပြား၊ အလေးချိန် ၄၂ ဒသမ ၅ ဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
ထို့အတူ ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်၊ ညနေပိုင်းက ကျောက်မဲမြို့၊
အမှတ် (၂) ရပ်ကွက်နေ အိုက်ပန် (ခ) သက်နိုင်ဦး ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင်
၎င်းနှင့်အတူ ကျောက်မဲမြို့၊ အမှတ် (၃) ရပ်ကွက်နေ မြင့်ထွန်းနိုင် (ခ) အားတီ တို့အား
တွေ့ရပြီး ခုတင်အောက် ဖိနပ်အတွင်း သိုဝှက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၄ ပြား၊
အလေးချိန် ၁၇ ဒသမ ၄၆ ဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
“အုပ်ချုပ်ရေးနဲ့ ရဲက အားမထုတ်တာရယ်၊ ခရိုင်မြို့ဖြစ်လို့
အချုပ်ခန်းမှာ တခြားမြို့က အချုပ်သားတွေ ပြည့်နေတာ ကြောင့် အခုလို မဖမ်းနိုင်ခဲ့ဘူး။
အားထုတ်မှုကြောင့် အခုလို လုပ်နိုင်တာပါ။ ကျောက်မဲမှာ အချုပ်ထောင် ဆောက်သင့် တယ်။ မူးယစ်မှုက
တကယ်ဖမ်းမယ်ဆိုရင် အများကြီးပဲ” ဟု ကျောက်မဲခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌ
ဦးတင်မောင်သိန်းက ပြောသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများကို
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.