မင်းဇော်မင်း
.
ကျောက်မဲမြို့၊ ရပ်ကွက် (၂) ရှိ နေအိမ်တစ်လုံးတွင်
ယနေ့ ဇန်နဝါရီလ ၇ ရက်၊ နေ့လယ်ပိုင်းက သတင်းကွင်းဆက်အရ WY နှင့်
R စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
ကျောက်မဲမြို့မရဲစခန်း၏ မယ (ပ) ၂/၂၀၂၁ အမှုမှ ဖမ်းဆီးရမိသူ
အောင်ဆွေ၏ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါးများ အား ကျောက်မဲမြို့၊ ရပ်ကွက် (၂)၊ နယ်မြေ
(၂) နေ အောင်ဇော်ဟိန်း ဆိုသူထံမှ ဝယ်ယူခဲ့ကြောင်း သိရသဖြင့် ပူးပေါင်း အဖွဲ့ က ယနေ့
ဇန်နဝါရီလ ၇ ရက်၊ နေ့လယ် ၂ နာရီအချိန်တွင် မူးယစ်ဆေးဝါး ရှာဖွေဝရမ်းဖြင့် အောင်ဇော်ဟိန်း၏
နေအိမ် အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ၎င်းကို အသင့်တွေ့ရပြီး နေအိမ်အတွင်းမှ WY
စာတမ်းပါ လိမ္မော်ရောင် ဆေးပြား ၈၃၉ ပြား၊ အလေးချိန် ၇၅ ဒသမ ၅၁
ဂရမ်နှင့် မူးယစ်ဆေးဝါးဟုယူဆရသည့် R တံဆိပ်ပါ လိမ္မော်ရောင် ဆေးပြား
၂၂၀၀ ပြား၊ အလေးချိန် ၁၉၈ ဂရမ်တို့အား ရှာဖွေသိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။
.
“ဒီ R တံဆိပ်က ထုပ်ပိုးခွံအရောင်လည်း
ပြောင်းထားတယ်။ WY နဲ့ ရောထားတာက သိပ်မပြင်းပေမဲ့ အိတ်ခွံမှာစပျစ်သီး
တံဆိပ်ပါ R ဆိုရင် ပိုပြင်းတယ်လို့ ဆိုတယ်။ အထဲမှာ ဘာတွေနဲ့ ရောစပ်ချက်လုပ်တယ်
ဆိုတာတော့ မသိရဘူး။ ဒီမှာ တော့ WY က ၁၀ ပြား ၅၀၀၀၊ R က ၆ ပြား ၅၀၀၀ ပေးဝယ်ရတယ်လို့ ပြောတယ်” ဟု ကျောက်မဲခရိုင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း
ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ အောင်ဆွေနှင့်
အောင်ဇော်ဟိန်းတို့ ၂ ဦးအား ကျောက်မဲမြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက် များ ဖော်ထုတ်လျက်ရှိကြောင်း
သိရသည်။
.