မင်းဇော်မင်း
.
ကျောက်မဲမြို့နယ်တွင် ဇန်နဝါရီလ ၁၂ ရက်၊ ညပိုင်းနှင့်
ယနေ့ ဇန်နဝါရီလ ၁၃ ရက်၊ နံနက်အစောပိုင်းက မူးယစ် ဆေးဝါးသုံးစွဲသူနှင့် ရောင်းချသူများအား
ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.ကျောက်မဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် ဇန်ဝါရီလ ၁၂ ရက်၊ ညနေ ၆ နာရီခန့်က နယ်မြေ လှည့်ကင်း ဆောင်ရွက်နေစဉ်
နမ့်ဟူးတောင်းကျေးရွာအုပ်စု၊ ပန်မောင်ကျေးရွာနေ စံကျော် ဆိုသူ၏ နေအိမ် တွင် မူးယစ်ဆေးဝါးများ
သုံးစွဲရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ စံကျော်မှာ လွန်ခဲ့သည့် ၅ ရက်ခန့်
ကတည်းက ခရီးထွက်ခွာသွားကြောင်းသိရပြီး နေအိမ် အိပ်ခန်းအတွင်း ကျောက်မဲမြို့နယ်၊ နောင်ပိန်အုပ်စု၊
ဇီးပင်စခန်း ကျေးရွာနေ ကိုမျိုး၊ ကျောက်မဲမြို့၊ ရပ်ကင်းရပ်နေ ခင်မောင်ထွန်း၊ နမ့်ဟူးတောင်းကျေးရွာအုပ်စု၊
ကျောက်မဲမြို့နေ ဟိန်းတိုးအောင်တို့ ၃ ဦးအား တွေ့ရပြီး ၎င်းတို့ ၃ ဦး ထိုင်နေသည့် အလယ်တွင်
အပြာရောင် ကပ်ခွာအိတ်အတွင်း ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော WY
စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၁ ပြား၊ အလေးချိန် ၃ ဒသမ
၆၉ ဂရမ်၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ကိရိယာ တစ်ခု၊ ခဲစက္ကူအပိုင်း တစ်ခုတို့ကို
တွေ့ရှိရကာ ခင်မောင်ထွန်း၏ ယာဘက်လက်အတွင်းမှ ဘိန်းဖြူဟု ယူဆရသော ဖြူ/ဝါရောင်အမှုန့်
အလေးချိန် ၀ ဒသမ ၁ ဂရမ်ခန့်စီပါ ကော်ဘူး ၂ ဘူးနှင့် ဟိန်းတိုးအောင်၏ ယာဘက်လက်အတွင်းမှ
ကော်ဘူးဖြင့် ထည့်ထားသည့် ဘိန်းဖြူဟု ယူဆရသော ဖြူဝါရောင်အမှုန့် ၁ ဒသမ ၅ ဂရမ်ခန့်တို့အား
တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အလားတူ ဇန်နဝါရီလ ၁၃ ရက်၊ နံနက် ၂ နာရီခွဲခန့်က ကျောက်မဲမြို့၊
ရပ်ကွက် (၄)၊ နယ်မြေ (၁)၊ အောင်ဆန်းလမ်း နှင့် ပတ္တမြားလမ်းဆုံတွင် ပိတ်ဆို့စစ်ဆေးဆောင်ရွက်နေစဉ်
ကျောက်မဲမြို့၊ ရပ်ကွက် (၁) နေ စိုင်းဆိုင်မိန်းနှင့် ခိုမုန်းကျေးရွာအုပ်စု၊ တောင်နောက်ကျေးရွာနေ
ဇာနည်ကျော်တို့ မောင်းနှင်စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ
စိုင်းဆိုင်မိန်း ဝင်ဆင်ထားသည့် အညိုရောင်ခေါင်းစွပ်အင်္ကျီအိတ်အတွင်းမှ အဝါရောင် အအေးစုပ်ပိုက်ဖြင့်
ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော လိမ္မော်ရောင်ဆေးပြား ၁၆ ပြား၊ အလေးချိန်
၁ ဒသမ ၄၄ ဂရမ်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ယင်းနေ့ နံနက် ၃ နာရီခွဲခန့်က ကျောက်မဲမြို့၊
ရပ်ကွက် (၉)၊ နယ်မြေ (၁) ဇီဇဝါလမ်းမပေါ်တွင် မသင်္ကာဖွယ် လမ်းလျှောက်လာသူတစ်ဦးအား တွေ့ရှိသဖြင့်
မေးမြန်းရာ ကျောက်မဲမြို့၊ ရပ်ကွက် (၉) နေ စိုင်းခမ်းအောင် ဆိုသူ ဖြစ်ကြောင်း သိရပြီး
၎င်း၏ ခန္ဓာကိုယ်အား ရှာဖွေရာ ၎င်းလွယ်ထားသည့် ပင်နီရောင် ဘေးသိုင်းလွယ်အိတ်အတွင်းမှ
စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော WY စာတမ်းပါ လိမ္မော်ရောင်ဆေးပြား
၂၀၀ ပြားစီပါ ၁၁ ထုပ်နှင့် ၁၄၆ ပြားပါ တစ်ထုပ်၊ ဆေးပြားပေါင်း ၂၃၄၆ ပြား၊ အလေးချိန်
၂၁၁ ဒသမ ၁၄ ဂရမ်ခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍
ကျောက်မဲမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့်
အသီးသီး အမှုဖွင့်ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။
.
#KBZTai #Shan #News #MinZawMin
.