မင်းဇော်မင်း
.
ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ တောင်ပလို့ကျေးရွာနေ
လက်ဖက်နည်းပြဆရာ ဦးကောလီ အား ဇန်နဝါရီလ ၂၀ ရက်က RCSS/SSA တပ်ဖွဲ့မှ
ဖမ်းဆီးခေါ်ဆောင်သွားသည် ဟုဆိုကာ ပြန်လည်လွတ်မြောက်ရေး အတွက် တောင်းဆိုကြောင်း ပလောင်
လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများအသင်းက ဇန်နဝါရီလ ၂၅ တွင် သဘောထား ထုတ်ပြန်ကြေညာခဲ့သည်ဟု
သိရသည်။
.
.“သူက နိုင်ငံရေးသမားလည်း မဟုတ်ဘူး။ ဘာကြောင့် ဖမ်းသွားမှန်း
မသိဘူး။ အသင်းအနေနဲ့ ထုတ်လုပ်ရေးအပိုင်းမှာ အဓိက အားကိုးရတဲ့သူတစ်ဦးဖြစ်ပါတယ်။ အခု
သူ့မိသားစုကိုတောင် ဆက်သွယ်လို့မရတော့ ဘာဖြစ်နေမှန်းမသိ စိုးရိမ်နေကြရတယ်။ ဒါကြောင့်
အမြန်ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုရခြင်းဖြစ်ပါတယ်” ဟု ပလောင် လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ
ဦးဇော်ညွန့်က ပြောသည်။
.
ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ နည်းပြဆရာ
ဦးကောလီကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တပ်ဖွဲ့က
ဖမ်းဆီးခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသည့်အတွက် အသင်းအနေ ဖြင့် စိုးရိမ်ပူပန်မိကြောင်း၊
ဦးကောလီသည် ကျောက်မဲမြို့နယ်ရှိ ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများအသင်း၏ အသင်းဝင်ဖြစ်သည့်အပြင်
လက်ဖက်တောင်သူအကျိုး၊ ရပ်ရွာအကျိုးကို ကြိုးစားလုပ်ဆောင်သူတစ်ဦးဖြစ်ကြောင်း၊ သို့ဖြစ်၍
အမြန်ဆုံး ပြန်လည်စေလွှတ်ပေးနိုင်ရေးအတွက် အသင်းအနေဖြင့် တောင်းဆိုပါကြောင်း သဘောထား
ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ RCSS/SSA မှ ဒုတိယဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက “အဲဒါ ဟုတ်သလား၊ မဟုတ်လား တိတိကျကျ မသိရသေးဘူး။
စုံစမ်းနေပါတယ်” ဟု ပြောဆိုခဲ့သည်။
.
အလားတူ ကျောက်မဲမြို့နယ်၊ စာပို့ကျေးရွာနေ သားအမိ
၂ ဦးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်က RCSS/SSA တပ်ဖွဲ့ မှ ဖမ်းဆီးခေါ်ဆောင်မှု
ဖြစ်ပွားခဲ့ပြီး ၎င်းတို့ ၂ ဦးကိုမူ ဇန်နဝါရီလ ၂၃ ရက်တွင် ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း
သိရသည်။
.