ကျောက်မဲမြို့နယ်တွင် ဉာဏ်ရည်မမီသူ အမျိုးသမီးတစ်ဦးအား ခြိမ်းခြောက်အဓမ္မပြုကျင့်သူကို အမှုဖွင့်ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့နယ်တွင် ဉာဏ်ရည်မမီသူ အမျိုးသမီးတစ်ဦးအား ခြိမ်းခြောက်အဓမ္မပြုကျင့်သူကို အမှုဖွင့်ဖမ်းဆီး

မင်းဇော်မင်း

.

ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာတွင် ဉာဏ်ရည်မမီသူ အမျိုးသမီးတစ်ဦးအား ခြိမ်းခြောက်အဓမ္မပြုကျင့်သူ တစ်ဦးကို ယနေ့ ဇန်နဝါရီလ ၁၆ ရက်၊ ညနေပိုင်းက အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

.

.

“ဇန်နဝါရီလ ၄ ရက်ကတည်းက ဖြစ်တာပါ။ မိဘဆွေမျိုးတွေက ၁၅ ရက်မှ သိပြီး သေချာအောင် စစ်မေးခဲ့ကြတာပါ” ဟု နောင်ပိန်နယ်မြေရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။

.

ကျောက်မဲမြို့၊ နောင်ပိန်ကျေးရွာ၊ (၆) ရပ်ကွက်နေ အသက် ၃၁ နှစ်အရွယ် ဉာဏ်ရည်မမီသူ အမျိုးသမီးတစ်ဦးသည် ဇန်နဝါရီလ ၁၅ ရက်၊ နံနက်ပိုင်းက ငွေ ၁၀၀ ကျပ်တန် ၂ ရွက်အား ကိုင်ဆောင်၍ နေအိမ်အပြင်ထွက်သွားသည်ကို တွေ့ရှိသဖြင့် မိသားစုမှ မေးမြန်းရာ မုန့်သွားဝယ်စားမည်ဟု ပြောဆိုခဲ့ပြီး အဆိုပါငွေအား မည်သူပေးသည်ကို မေးမြန်း ရာတွင် ဇန်နဝါရီလ ၄ ရက်က ၎င်းကို တစ်ရပ်ကွက်တည်းနေ အိုက်ပြုံးဆိုသူက တဲပေါ်သို့ တက်ရောက်လာပြီး မအော်ရန် ပြောဆိုကာ ပါးစပ်ကို လက်ဖြင့်ပိတ်၍ သားမယားအဖြစ် ၂ ကြိမ် ပြုကျင့်ခဲ့ပြီး မည်သူ့ကိုမျှ မပြောရန်နှင့် ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ငွေ ၂၀၀ ကျပ်ပေးခဲ့ကြောင်းနှင့် မိဘများ သိလျှင် အရိုက်ခံရမည်ကို ကြောက်၍ မပြောခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

.

ယင်းအမျိုးသမီးငယ်သည် အသက် ၁၃ နှစ် ခန့်က အပြင်းဖျားရာမှ ဆေးကုသမှုခံယူပြီးနောက်ပိုင်း ဉာဏ်ရည်မမီဖြစ် ကာ စိတ်ပုံမှန် မရှိသဖြင့် နေအိမ်ဘေးရှိ တဲတွင် တစ်ဦးတည်းအိပ်စေပြီး ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ခြင်းဖြစ်ပြီး ယခု ဖြစ်စဉ်တွင် မိသားစုများက ဝိုင်းဝန်းမေးမြန်းရာမှ အိုက်ပြုံးက သားမယားအဖြစ် ၂ ကြိမ်ပြုကျင့်ခဲ့ကြောင်း သိရှိရသဖြင့် တစ်ရပ်ကွက်တည်းသားချင်း အဆင်ပြေစေရန် ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရရှိသဖြင့် ဉာဏ်ရည်မမီသူအား အဓမ္မပြုကျင့်ခဲ့သူ အိုက်ပြုံးကို ဥပဒေအရ အရေးယူပေးရန် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ အမှုမှ ဉာဏ်ရည်မမီသူ အမျိုးသမီးတစ်ဦးအား ခြိမ်းခြောက်ကာ သားမယားပြုကျင့်ခဲ့သူ အိုက်ပြုံးကို နောင်ပိန်နယ်မြေရဲစခန်းတွင် (ပ)၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ယနေ့ ဇန်နဝါရီလ ၁၆ ရက်၊ ညနေပိုင်းက အမှုဖွင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats