ကျောက်မဲမြို့နယ်၊ တော့ဆန်ရွာတွင် လက်နက်ကြီးကျည် ၅ လုံး ကျရောက် ​ပေါက်ကွဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့နယ်၊ တော့ဆန်ရွာတွင် လက်နက်ကြီးကျည် ၅ လုံး ကျရောက် ​ပေါက်ကွဲ

မင်းဇော်မင်း

.



ကျောက်မဲမြို့နယ်၏ အနောက်မြောက်ဘက် မိုင် ၃၀ ခန့်အကွာရှိ တော့ဆန်ကျေးရွာအတွင်းသို့ ဇန်နဝါရီလ ၁ ရက်၊ နံနက်ပိုင်းက လက်နက်ကြီးကျည် ၅ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း ​နေအိမ် တစ်ခု၏ လှေကားထစ် ပြိုသွားသည်ဟု ကျောက်မဲမြို့၊ စစ်ဘေးရှောင်ဥက္ကဌ ဦးတင်မောင်သိန်းထံမှ သိရသည်။

.

" အဲဒီ နယ်ဘက်က ၂၀၁၅ တုန်းက စစ်ရှောင် ၄၀၀၀ လောက် ရှိခဲ့ဖူးတယ်၊ အခု အခြေအနေက ရွာသူရွာသားတွေ စစ်ရှောင်ဖို့ဆိုရင် ရွာများတာ ဖြစ်လို့ စစ်ရှောင်ဦးရေ ပို များလာနိုင်တယ်၊ အခုတော့ တော့ဆန် ရွာမ ဘုန်းကြီးကျောင်းမှာ စုနေကြတယ်လို့ သိရတယ်။ မြို့ပေါ်ဆွေမျိုး ရှိတဲ့ သူ ၃၀ လောက်တော့ ရောက်လာကြပြီ။" ဟု ဦးတင်​မောင်သိန်းက ပြောသည်။

.

လွယ်အံတင်း တစ်ကြောနှင့် တော့ဆန်တကြောတွင် နှစ်ဖက်လက်နက်ကိုင်များ အင်အား ဖြည့်တင်းနေကြပြီး လက်နက်ကိုင်အချို့က ကျေးရွာလူထုကို ရွာမှ ရှောင်ပေးရန် ပြောကြားခြင်းများရှိနေသည်ဟု ၄င်းက ဆိုသည်။

.

"အရင်  ၂ ရက်က လက်နက်ကြီး  ၂ လုံးပစ်ပြီး စစ်ရေး သတိပေးတယ်။ အခု ရွာထဲ ၅လုံးလောက် ပစ်ထည့်ပြီး ရွာကို ရှင်းခိုင်းပြီ၊ မိုင်းငေါ့ဘက်က အဖွဲ့တွေလည်း ဒီဘက်ကို အင်အားစု လာနေတယ်လို့ ကြားရသလို လွယ်အံတင်းတောင်ထိပ်မှာ တစ်ဘက်က အင်အား ၁၀၀၀ လောက် စုမိ​နေတာကို ဖြန့်ခွဲထိုးစစ် လုပ်ဖို့ တော့ဆန်ဂွင်ကို လွှမ်းမိုးဖို့ လိုမှာ ဖြစ်တယ်လို့ သုံးသပ်မိတယ်။ စစ်ရေးတင်းမာမှုက ထိတွေ့မှုတွေ ရက်ပိုင်းအတွင်း ပြင်းထန်လာနိုင်တယ်၊ ဒီမနက်မှာပဲ မြို့ပေါ်ကိုလာတဲ့ လူ  ၂ ဦးကို လက်နက်ကိုင်အဖွဲ့က လမ်းပြခေါ်သွားတယ်လို့ သိရတယ်။"ဟု ဒေသခံ တစ်ဦးက လက်ရှိအခြေအနေအား သုံးသပ်သည်။

.

လက်ရှိတွင် ကျောက်မဲမြို့နယ် လွယ်အံတင်းကျေးရွာအုပ်စုရှိ ၇ ရွာမှ စစ်ရှောင် ဦးရေ ၈၀၀ ဦး​ကျော်ကို စစ်ရှောင်ကူညီရေးစခန်း ၄ ခုတွင် ကူညီစောင့်ရှောက် ပေးနေသော်လည်း ဆက်လက်၍ စစ်ရှောင်များ ရှိလာနိုင်သဖြင့် သွားရောက် ခေါ်ယူနိုင်ရေးနှင့် ကူညီစောင့်ရှောက်ထောက်ပံ့နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ စီစဉ်နေကြပြီ ဖြစ်​ကြောင်း သိရသည်။

Journal Download

Photo of three cats