ခွန်သန်းအောင်
.
တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဝက်ဖြူရေစစ်ဆေးရေးဂိတ်တွင်
ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်၊ ညနေပိုင်းက လိုင်စင်မဲ့ကား ၂ စီးအား ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.
ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာတွင် ဖွင့်လှစ်ထားသည့်
COVID-19 ကျန်းမာရေးစစ်ဆေးရေးဂိတ်သို့ ဇန်နဝါရီလ ၁၉ ရက်၊ ညနေ
၆ နာရီ ၁၅ မိနစ်ခန့်က မောင်းနှင်လာသော INSIZE အပြာရောင်ယာဉ်အား
စစ်ဆေးရာ ယာဉ်မောင်းမှာ ကျိုက်ထိုမြို့၊ တောင်သူရပ်ကွက်နေ ကောင်းစစ်မှူး ဆိုသူဖြစ်ကြောင်း
သိရှိရပြီး ယာဉ်အား စစ်ဆေးရာ ယာဉ်လိုင်စင် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့်
ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အလားတူ ယင်းနေ့ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် အဆိုပါဂိတ်သို့
မောင်းနှင်လာသည့် WISH အမျိုးအစား အဖြူရောင် ယာဉ်အား စစ်ဆေးရာ
ယာဉ်မောင်းမှာ ကော့ကရိတ်မြို့နေ စိုးဝင်းမောင် ဆိုသူဖြစ်ကြောင်း သိရပြီး ယာဉ်လိုင်စင်
အထောက်အထား ပြသနိုင်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရကာ စစ်ဆေးနေစဉ် ယာဉ်မောင်း စိုးဝင်းမောင်မှာ
ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တရားမဝင် လိုင်စင်မဲ့ယာဉ်များ
လက်ဝယ်ထားရှိ စီးနင်းအသုံးပြုသူ ကောင်းစစ်မှူးနှင့် ထွက်ပြေးတိမ်းရှောင်နေသူ စိုးဝင်းမောင်တို့
၂ ဦးအား ကလောမြို့မရဲစခန်းတွင် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူပြီး
ထွက်ပြေးတိမ်းရှောင်နေသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.