ကလောမြို့နယ်၊ မြင်းကကျေးရွာရှိ တောင်သူများ ပုံစံ (၇) ရရှိရေးအတွက် အကြိမ်ကြိမ် လျှောက်ထားခဲ့သော်လည်း ရရှိခြင်းမရှိသေး ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့နယ်၊ မြင်းကကျေးရွာရှိ တောင်သူများ ပုံစံ (၇) ရရှိရေးအတွက် အကြိမ်ကြိမ် လျှောက်ထားခဲ့သော်လည်း ရရှိခြင်းမရှိသေး ဟုဆို

စုလှိုင်

.

ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ မြင်းကကျေးရွာရှိ တောင်သူများ စိုက်ပျိုးလုပ်ကိုင်နေသော မြေဧက ၃၁၀ ခန့်ရှိ လယ်ယာမြေများကို လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ (၇) ရှိရေးအတွက် ၄ ကြိမ်တိုင်တိုင် လျှောက်ထားတင်ပြခဲ့ သော်လည်း ရရှိခြင်းမရှိသေးကြောင်း တောင်သူများထံက သိရသည်။

.

.

“လုပ်စားနေတဲ့ ခြံတွေက ပိုင်ဆိုင်ခွင့် မရဘူး။ လျှောက်ထားတာ ၄ ကြိမ်ရှိပြီ။ ၂၀၁၃ တုန်းက တစ်ယောက်ပဲရတယ်။ ကွင်းပိုင်အမှတ် (၃၈) ပါ။ မြေပိုင်ဆိုင်မှုက ဘိုးဘွားပိုင်မြေ၊ သီးနှံခွန် ပြေစာရှိတယ်” ဟု မြင်းကကျေးရွာနေ တောင်သူ ဦးမြင့်ခိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ လယ်ယာမြေများအား ပုံစံ (၇) ရရှိရေးအတွက် ၂၀၁၃၊ ၂၀၁၆၊ ၂၀၁၉ နှင့် ၂၀၂၀ ပြည့်နှစ်များက တစ်ကြိမ်စီ လျှောက်ထားတင်ပြခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ် ၂၀၁၃ ခုနှစ်က လူဦးရေ ၇၁ ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် လူဦးရေ ၉၀ ဖြင့် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့အတူ မြင်းကကျေးရွာနေ ကိုငယ် ကလည်း “နယ်တာဝန်ခံတွေပဲ ကွင်းဆင်းတယ်။ အထက်က မဆင်းဘူး။ သစ်တောကြိုးဝိုင်းထဲမှာလို့ ပြောတယ်။ ဘိုးဘွားတွေလက်ထက်ကတည်းက ဆိုတော့ မသိဘူး။ ဒါပေမဲ့ ၁၉၈၇ မှာ သစ်တောကို ပြန်တိုးလာခဲ့တယ်။ တောင်သူ ၆ ဦး သစ်တောကျူးတယ်ဆိုပြီး တရားစွဲခံနေရတယ်။ အခုချိန်အထိ တရားရင်ဆိုင်နေရတုန်းပဲ” ဟု ပြောဆိုခဲ့သည်။

.

ယင်းကဲ့သို့ လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ (၇) မရရှိသည့်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ နေပြည်တော်၊ ရှမ်းပြည်နယ်သစ်တောဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကလောမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် ကလော မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့ထံသို့ တင်ပြတိုင်ကြားထားကြောင်း သိရသည်။

.

သစ်တောမြေ ကျူးကျော်သည်ဟု ဆိုကာ တရားစွဲဆိုခံထားရသူ ဦးဇော်ဝင်းက “ကျွန်တော့်ခြံက ရွာနဲ့နီးပြီး ပုံစံ (၇) မရဘူး။ ရွာနဲ့ဝေးတဲ့သူက ပုံစံ (၇) ရနေပြီးတော့ တရားလည်း အစွဲခံရတယ်။ ပုံစံ (၇) လည်း မရခဲ့ပါဘူး။ ငွေကြေး တွေလည်း ကုန်၊ အလုပ်တွေလည်းပျက်ခဲ့ပြီ။ ရွာဘေးက ဘာလို့ မရလဲဆိုတာ သိချင်ပါတယ်” ဟု ပြောသည်။

.

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် သစ်တော ကြိုးဝိုင်းမြေ မှန်ကန်ပါက ပြည်ထောင်စုအဆင့်မှ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်လွှတ်တော် တောင်သူလယ် သမား အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လွှတ်တော် ဦးသန်းထိုက်အား မေးမြန်းရန် ပြောဆိုခဲ့သဖြင့် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အား ဆက်သွယ်မေးမြန်းရာတွင်မူ “ဘာလို့ ကြာနေတာလဲ မြေစာရင်းကို မေးကြည့်ပါ” ဟုသာ ဖြေကြားခဲ့သည်။

.

ယင်းနောက် ကလောမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လွယ်အံကျေးရွာ မြေတိုင်းစာရေး ဦးအောင်ဇော်ဟိန်းအား တွေ့ဆုံ မေးမြန်းရာတွင်မူ “တောင်သူတွေ လုပ်ကိုင်စားသောက်နေတဲ့မြေကို သစ်တောဌာနက စွန့်လွှတ်တယ်ဆိုရင် ကျွန်တော်တို့ မြေစာရင်းက ပုံစံ (၇) တွေ လုပ်ပေးရမှာပေါ့။ အဓိက ကတော့ သစ်တောမြေ ဖြစ်နေတဲ့အတွက် ပုံစံ (၇) မရတာပါ” ဟု ပြောသည်။

.

ထို့အတူ ကလောမြို့နယ်သစ်တောဦးစီးဌာနမှ အောင်ပန်းနယ်မြေ တာဝန်ခံ တောအုပ် ဦးစိုးလွင်မိုး ကလည်း “ကြိုးဝိုင်းထဲကတော့ ဘယ်သူမှ ပုံစံ (၇) မပေးဘူး။ မြေစာရင်းကလည်း တာဝန်မယူဘူး။ သစ်တောကြိုးဝိုင်းလို့ စတင် ဖွဲ့စည်းလိုက်ကတည်းက ဘယ်သူမှ ထုတ်ပေးလို့မရဘူး။ အရင်တုန်းက ထုတ်ပေးခဲ့ရင်လည်း ပြန်လည်စိစစ်ပြီး သက် ဆိုင်ရာက တာဝန်ယူဖြေရှင်းပေးရမယ်” ဟု ပြောဆိုခဲ့သည်။

.

မြင်းကကျေးရွာသည် တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စုအတွင်း တည်ရှိပြီး လွယ်အံကျေးရွာ အုပ်စုအတွင်း ကျေးရွာ ၅ ရွာ၊ အိမ်ခြေ ၇၈၉ အိမ်၊ အိမ်ထောင်စု ၈၁၄ စု၊ လူဦးရေ စုစုပေါင်း ၃၃၉၇ ဦး နေထိုင်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသဆိုင်ရာအချက်အလက်များအရ သိရသည်။

.


Journal Download

Photo of three cats