ခိုလမ်တွင် ထွေလာဂျီ တိမ်းမှောက်မှုကြောင့် ၂ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ခိုလမ်တွင် ထွေလာဂျီ တိမ်းမှောက်မှုကြောင့် ၂ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိ

ကမ္ဘောဇတိုင်း

.

လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ ကျိုင်းတောင်းသွား လမ်းပေါ်တွင် ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက်၊ ညနေပိုင်းက  ထွေလာဂျီယာဉ် တိမ်းမှောက်မှုကြောင့် ကိုရင်တစ်ပါး အပါအဝင် ၂ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

.

.

ခိုလမ်မြို့၊ ၈ မိုင်ကျေးရွာနေ အိုက်ဖောက မောင်းနှင်ပြီး ၁၆ ဦး လိုက်ပါစီးနင်းလာသည့် JIANGCHAI အမျိုးအစား နံပါတ်မပါ ထွေလာဂျီယာဉ်သည် ဇန်နဝါရီလ ၂၅ ရက်၊ ညနေ ၄ နာရီခန့်က ကျိုင်းတောင်းမြို့ဘက်မှ ခိုလမ်မြို့ဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၁၄/၁) နှင့် (၁၄/၂)အကြား ၁၄ မိုင် ကျေးရွာအနီး ကုန်းအဆင်းတွင် ဘရိတ်ပေါက်ပြီး လမ်း၏ လက်ယာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ ထွေလာဂျီယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ကျိုင်းတောင်းမြို့၊ နားပုံကျေးရွာနေ ဒေါ်မေပဲ (၄၅ နှစ်) နှင့် ကိုရင် စန္ဒ၊ လူအမည် အိုက်ကြဲ (၈ နှစ်) တို့ ၂ ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း အပါအဝင် ယာဉ်ပေါ်လိုက်ပါလာသူ ၁၅ ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ အိုက်ဖောက အား ခိုလမ်နယ်မြေရဲစခန်း တွင် ယာဉ် (ပ)၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၂၇/၂၂၈/၂၀၄-က အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats