မင်းဇော်မင်း
.
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊
အထက်မန်လွယ်ကျေးရွာတွင် ဇန်နဝါရီလ ၁၀ ရက်၊ နံနက်ပိုင်း က KIA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျေးရွာသား ၆ ဦး ပြန်လည်လွတ်မြောက်ရေးအတွက်
မိသားစုဝင်များက ယနေ့ ဇန်နဝါရီလ ၁၇ ရက်၊ နံနက်ပိုင်းတွင် လူထုထံသို့ အသနားခံ ပြောကြားခဲ့သည်ဟု
သိရသည်။
.
.အဆိုပါ ဖမ်းဆီးခံထားရသည့် ကျေးရွာသား ၆ ဦး၏ မိသားစုဝင်များက
အထက်မန်လွယ် သတိပဋ္ဌာန်ဘုန်းတော်ကြီး ကျောင်းတွင် လူထုထံသို့ အသနားခံ ပြောကြားခဲ့ခြင်းဖြစ်ပြီး
၎င်းတို့၏ ခင်ပွန်းသည်များ ဖမ်းဆီးခံထားရသည့်အတွက် မိသားစု စိုးရိမ်သောက ရောက်နေရကြောင်းနှင့်
ရွာလူကြီးများမှ ဖမ်းဆီးခံထားရသူများ အမြန် ပြန်လည်လွတ်မြောက် ရေးအတွက် ကူညီပေးကြရန်
အသနားခံအပ်ပါကြောင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၏ ဇနီးများက ပြောဆိုခဲ့သည် ဟု သိရသည်။
.
“ကယ်တင်ပေးကြပါ။ ရင်တွေ မီးတောက်နေကြပါတယ်။ ထမင်းလည်း
မစားနိုင်၊ အိပ်လည်း မပျော်နဲ့ စိတ်ပူနေကြရ ပါတယ်။ ကလေးတွေလည်း များတော့ တစ်နေ့ရမှ
တစ်နေ့ စားကြရတာပါ။ စားဝတ်နေရေးလည်း ခက်ခဲနေရပါတယ်။ အမြန်လွှတ်ပေးကြပါ။ လွတ်မြောက်ရေးလည်း
ကူညီပေးကြပါ” ဟု ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၏ ဇနီးများက ပြောသည်။
.
ယင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ အမျိုးသား ၆ ဦးတို့၏
ဇနီးများအနက် ဒေါ်ခမ်းတီတွင် ကလေး ၆ ဦး၊ ဒေါ်မြအေး တွင် ကလေး ၃ ဦး ရှိပြီး တောင်ယာလုပ်ငန်း
လုပ်ကိုင်သူများဖြစ်သဖြင့် အားကိုးရာမဲ့ ဖြစ်ရမည်ကို စိုးရိမ်နေကြကြောင်း ၎င်းတို့ထံက
သိရသည်။
.
“သားသမီးတွေကလည်း များတယ်။ အခု ကပ်ရောဂါကလည်း ဖြစ်နေတော့
စားဝတ်နေရေး အရမ်းခက်ခဲပါတယ်။ ငွေလည်း မတောင်းဘူး၊ ဘာသတင်းမှလည်း မရဘူး။ အမျိုးသားတွေ
မြန်မြန်လွတ်အောင် တောင်းဆိုချင်ပါတယ်” ဟု ဒေါ်ခမ်းတီက ပြောသည်။
.
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အထက်မန်လွယ် ကျေးရွာသားများမှာ
မိုင်းအောင်အေး၊ မိုင်းအိုက်လောင်၊ မိုင်းအောင်ကျော်၊ မိုင်းအိုက်မုန်း၊ မိုင်းအိုက်မောင်နှင့်
ဦးသိန်းထွေးတို့ဖြစ်ကြောင်း သိရသည်။
.
နမ့်ဆန်မြို့နယ်၊ အထက်မန်လွယ်ကျေးရွာသား ၇ ဦးသည်
ဇန်နဝါရီလ ၁၀ ရက်၊ နံနက်ပိုင်းက ကျေးရွာမှ ၂ မိုင်ခန့် ကွာဝေးသည့် ကျောက်တောင်စေတီကုန်း၊
ကျောက်တောကျေးရွာအနီး ထင်းတောတွင် ကျေးရွာကော်မတီ၏ စေခိုင်း ချက်အရ ထင်းခုတ်နေစဉ် လက်နက်ကိုင်ဆောင်ထားသည့်
KIA ယူနီဖောင်းဝတ် ၁၄ ဦးခန့်က ခေးခင်းကျေးရွာအုပ်စု၊ ဟိုဟုတ်ကျေးရွာဘက်သို့
ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ ညနေ ၅ နာရီခန့်တွင် ဖမ်းဆီးခံရသူများ
အနက် တစ်ဦးဖြစ်သော မိုင်းအောင်ပိုင်ကို ကျေးရွာသို့ အကြောင်းကြားနိုင်ရန် ပြန်လည်စေလွှတ်ပေးခဲ့သဖြင့်
လက်ရှိတွင် ကျေးရွာသား ၆ ဦးအား ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးခံထားရသည့် ကျေးရွာသားများ ပြန်လည်လွတ်မြောက်ရေးအတွက်
အထက်မန်လွယ်ရွာသူရွာသား ၃ဝဝ ခန့်သည် ဇန်နဝါရီ ၁၂ ရက်နံနက်ပိုင်းက
ဆန္ဒဖော်ထုတ်ခဲ့ကြပြီး KIA ချိန်းဆိုသည့် မန်တုံမြို့သို့
သွားရောက် ခဲ့သော်လည်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဂိတ်မှ
ဝင်ခွင့်မပြုသဖြင့် သံဃာတော်အချို့နှင့် ကျေးရွာသား အနည်းငယ်သာ ကျန်ရှိပြီး
ကျန်သူများမန်လွယ်သို့ပြန်ကာ၊ မန်တုံရှိသင်းအုပ်ဆရာနှင့်
ကချင်စာပေယာဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌတို့ထံ အကူအညီတောင်းခံစာ ပေးပို့ခဲ့ကြောင်း
အထက်မန်လွယ်ကျေးရွာလူမှုကူညီရေးအသင်း နာယက ဆရာတော် ဥူးသောဘိတက မိန့်ကြားသည်။
.
“အခုထိ ငွေကြေးတောင်းတာလည်းမရှိဘူး။
လွှတ်ပေးဖို့လည်း ဘာမှ ပြောလာတာမရှိသေးတော့ မိသားစုတွေက စိုးရိမ်နေကြတယ်။
အသက်အန္တရာယ် ထိခိုက်မှုတွေ မရှိစေဖို့လည်း ဆုတောင်းနေကြရပါတယ်။ ရွာအုပ်ချုပ်ရေးပိုင်းနဲ့
သံဃာတော်တွေ KIA တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတောင်းဆိုနေကြပါတယ်။
အခုလို လူကိုဖမ်းဆီးတာကတော့ ဘယ် လက်နက်ကိုင်ဖြစ်ဖြစ် ရှုတ်ချပါတယ်။ အဖွဲ့အစည်းတွေ၊
အုပ်ချုပ်ရေးပိုင်းတွေနဲ့တိုင်ပင်ပြီး အမြန်ပြန်လွှတ်ပေးဖို့ KIA ဗဟိုကို တောင်းဆိုသွားမယ်” ဟု ဆရာတော် ဥူးသောဘိတက မိန့်ကြားခဲ့သည်။
.
ယင်း အထက်မန်လွယ်ကျေးရွာ အနီးရှိ
ခေခင်ကျေးရွာအုပ်စု၊ ဟူဟုတ်-ဟူဘတ်ကျေးရွာနယ်မြေမှာ အထက်မန်လွယ် ကျေးရွာနှင့်
နယ်မြေဆိုင်ရာ အငြင်းပွားမှုဖြစ်ပွားနေသည့် နေရာဖြစ်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော်
KIA လှုပ်ရှားရာနယ်မြေဖြစ်ကြောင်း သိရသည်။
.