မလွတ်လပ်တဲ့ မြို့လယ်က အို ... ကျောက်တိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မလွတ်လပ်တဲ့ မြို့လယ်က အို ... ကျောက်တိုင်

အောင်ဆန်းဝင်း

.

အင်တာနက် လိုင်းလေးဖွင့်ပြီး လူမှုကွန်ရက် စာမျက်နှာပေါ် ထွေရာလေးပါး လျှောက်ကြည့်တုန်း Post တစ်ခုက Comment တွေ ဖတ်ရင်း စိတ်မကောင်း ဖြစ်မိသွားတယ်။ “လွတ်လပ်​ရေးအထိမ်းအမှတ် ​ကျောက်တိုင် က အ​မေ့ခံလားဗျာ”၊ “ မမြင်စေချင်လို့တောင် တိုက်တွေနဲ့ ကာထားတာကို …” တဲ့လေ။ သူတို့မှတ်ချက် Comment တွေ ဖတ်ကြည့်ပြီး စီးတော်ဆိုင်ကယ်ကို ဆွဲထုပ်ပြီး အကျဉ်းစံနေရတဲ့ ကျောက်တိုက်ကြီး လွတ်လပ်ရေး ရပြီလားလို့ အပြေးအလွှား သွားကြည့်မိပါရဲ့။ အရင် ၂ နှစ်ကျော်၊ ၃ နှစ်ကအတိုင်း အမေ့လျော့ခံ ဖြစ်နေဆဲကို မြင်လိုက်ရတာမို့ မနက်ဖြန် လွတ်လပ်ရေးနေ့ကို ကြိုဆိုရင်း ဒီစာလေး ရေးဖြစ်သွားတယ် ဆိုပါတော့။

.

ရိုက်လာတဲ့ ဓာတ်ပုံကို အသေအချာ တစ်စိမ့်စိမ့်ကြည့်ရင်း တောင်ကြီးသား အားလုံး တွေးမိသလို ကိုယ်လည်း တွေးမိသွားတယ်။ ကျောက်တိုင်ကြီးရဲ့ ခမ်းနားထည်ဝါမှု၊ မြန်မာပြည် လွတ်လပ်ရေး ရရှိခြင်း အထိမ်းအမှတ်နဲ့ စိုက်ထူထားတဲ့ ကျောက်တိုင်ကြီးရဲ့ ခမ်းနား ထည်ဝါမှု၊ တိုက်ကြို တိုက်ကြားမှာ ဘယ်နေရာ လိုက်ရှာရမှန်း မသိပါဘူး။

.

လွတ်လပ်ရေး ရခြင်း အထိမ်းအမှတ် ကျောက်တိုင်ကို အရင်က လက်ရှိ City Square နေရာမှာ ပထမဆုံး စိုက်ထူခဲ့တယ်။ နောက်ပိုင်း မြို့ကွက် ချဲ့ထွင်လာတာရယ်၊ အောက်ခံမြေသား ခိုင်မာမှု မရှိတာရယ်ကြောင့် ၁၉၅၂ ဝန်းကျင်လောက်မှာ လက်ရှိနေရာကို ပြောင်းလဲစိုက်ထူခဲ့တယ်လို့ လူကြီး သူမများက ပြောပါတယ်။ ကျောက်တိုင်နေရာ ပြောင်းစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်တဲ့ ဦးနု ကိုယ်တိုင် အုတ်မြစ်ချ ပန္နက် ရိုက်ခဲ့တာ ဖြစ်ပါတယ်။ တောင်ကြီးမြို့တော်၊ မြို့တော်ဝန် ဦးခမ်း လက်ထက်ပါ။ ဒီလို သမိုင်းဝင်ကျောက်တိုင်ကြီးရဲ့ လက်ရှိအခြေအနေက လူမသိ သူမသိ၊ လူငယ် လူရွယ်တွေ ဘာမှန်းမသိတဲ့ ချောင်ကြိုချောင်ကြားက ငုတ်တိုင်ကြီး တစ်ချောင်းလို ဖြစ်နေပါတယ်။ တိုးပွားလာတဲ့ အဆောက်အဦတွေကလည်း ကျောက်တိုင်ကြီး ခေါင်းပေါ်မှာ မိုးတိုးမတ်တပ် တစ်မျိုး၊ လက်ချင်းချိတ် တစ်သွယ်နဲ့။

.

ကျောက်တိုင်ကြီးကို လှည့်ပတ်ကြည့်ရင်း ထူးဆန်း အံ့သြဖွယ် တစ်ခု မြင်ခဲ့ရပါသေးတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတော် အခမ်းအနားပုံစံ လုပ်တဲ့ အလုပ် မှန်သမျှ ကမ္ဗည်းမော်ကွန်းထိုးတဲ့ အလေ့အထ ရှိပါတယ်။ တောင်ကြီးမြို့မှာ ရှိတဲ့ ကျောက်တိုင်ကြီးကတော့ စာတစ်ကြောင်း မှတ်တမ်း တစ်ခုတောင် ရေးထိုးထားခြင်း မရှိပါဘူး။ မှတ်တမ်းမှတ်ရာ လေ့လာချင်တဲ့ လူငယ်လူရွယ်တွေ ဝင်ရောက် လေ့လာရင်တောင် မျက်နှာပြောင် တိုက်နေတဲ့ ကျောက်တိုင်ကြီးကို တွေ့ရမှာ ဖြစ်ပါ တယ်။ ကျောက်တိုင် စထောင်တည်းက မှတ်တမ်း မရှိတာလား၊ သမိုင်းတရားခံတွေ ဖျောက်ဖျက် လိုက်တာလားဆိုတော့ တာဝန်ရှိသူများ ဆန်းစစ်ရမယ့် အပိုင်းပါ။ စထောင်တည်းက မရှိခဲ့ဘူးဆိုရင် လက်ရှိ လူငယ်လူရွယ်တွေ လေ့လာလို့ရအောင် ကျောက်တိုင်နဲ့ သက်ဆိုင်တဲ့ မှတ်တမ်းလေး တစ်ခု ရေးထိုးဖို့ လိုအပ်တာ အမှန် ဖြစ်ပါတယ်။

.

တောက်တောက်ပြောင်ပြောင် မွေးဖွားလာတဲ့ တိုက်ပျိုမယ်တွေကြားမှာ သမိုင်းဝင် ကျောက်တိုင်ကြီးက ငုတ်တုတ် အမေ့ခံနေရတယ်။ ဒီပုံစံအတိုင်း ဆက်နေရင် ထပ်တိုးလာမယ့် တိုက်ပျိုမယ်တွေက အိုမင်းမစွမ်းတဲ့ သမိုင်းဝင် ကျောက်တိုင်ကြီးကို အမြင်အာရုံ နောက်အောင် ဒုက္ခပေးကြဦးမယ် ထင်ပါတယ်။ (အခုလည်း ဟိုကကွယ် ဒီကပိတ်နဲ့ ရှိလို့ ရှိမှန်းတောင် မသိရပါဘူး)။

.

တင့်တောင်းတင့်တယ် တူတူတန်တန် မရှိတော့တဲ့ နေရာမှာ သမိုင်းဝင် အထိမ်းအမှတ် ကျောက်တိုင်ကြီးကို မျက်နှာလွဲ ခဲပစ် ချောင်ထိုးထားမယ့် အစား သင့်တော်တဲ့ နေရာပြောင်းရွှေ့ရင် အကောင်းဆုံး ဖြစ်မယ်လို့ မြို့ခံ တချို့ကလည်း ပြောကြပါတယ်။ ကျောက်တိုင်ဆိုတာ တိုင်းရင်းသားတွေရဲ့ ခိုင်မာ ဖြောင့်မတ်တဲ့ စိတ်ဓာတ်နဲ့ စည်းလုံး ညီညွတ်မှုကို ပြတဲ့အရာ ဖြစ်တဲ့အတွက် တန်ဖိုးတစ်ခု ထားသင့်တယ်လို့ ထင်မြင်မိပါတယ်

.

ကျန်တဲ့အချိန်မှာ ရေးရင် တာဝန်ရှိသူ အစိုးရမင်းများ လွတ်လပ်ရေးကျောက်တိုင်ဆိုတာကို သတိထားမိမှာ မဟုတ်လို့ လွတ်လပ်ရေးနေ့ မတိုင်မီ တစ်ရက်အလို ပူပူနွေးနွေးကာလမှာ လွတ်လပ်ရေးနေ့ကို ကြိုဆိုရင်း မြို့တော် တောင်ကြီးရဲ့ လွတ်လပ်ရေးကျောက်တိုင်ကို လွတ်လွတ်လပ်လပ်နဲ့ ခန့်ညားထည်ဝါခွင့် ပေးပါလို့ တောင်းဆို လိုက်ရကြောင်းပါ ခင်ဗျာ။ ။

Journal Download

Photo of three cats