သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာတွင် လင်မယား ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အမျိုးသမီး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာတွင် လင်မယား ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အမျိုးသမီး သေဆုံး

မင်းဇော်မင်း

.

ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဇန်နဝါရီလ ၁၁ ရက်၊ ညနေပိုင်းက လင်မယား ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အမျိုးသမီးဖြစ်သူ သေဆုံးကာ အမျိုးသားတွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

.

နမ့်လန်ကျေးရွာ၊ ကောင်းလန်ရပ်နေ လင်မယား ၂ ဦးသည် ဇန်နဝါရီလ ၁၁ ရက်၊ ညနေ ၅ နာရီခွဲခန့်က အပြင်မှ ပြန်လာပြီး အမျိုးသားဖြစ်သူမှ အိမ်ရှေ့အဖီတွင် ကားပါကင်ထိုးနေစဉ် အမည်မသိ သေနတ်သမားများမှ ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သဖြင့် အမျိုးသားတွင် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သော်လည်း အမျိုးသမီးတွင် သေနတ်ဒဏ်ရာ ၇ ချက် ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“အမျိုးသမီးကို သီပေါဆေးရုံ ရင်ခွဲရုံကို ပို့ရတယ်။ သူ့အမျိုးသားကိုတော့ လားရှိုးဆေးရုံမှာ အခု ဆေးကုနေပါတယ်” ဟု အဆိုပါကိစ္စအား ကူညီဆောင်ရွက်ပေးခဲ့သည့် အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

.

သေဆုံးသူမှာ မနန်းဝင်း (၃၈ နှစ်) ဆိုသူဖြစ်ပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ဦးအိုက်ရီမှာ နောက်ကျောခါးအထက် သေနတ် ထိမှန်ဒဏ်ရာရရှိကာ နမ့်လန်ဆေးရုံမှတစ်ဆင့် လားရှိုးဆေးရုံသို့ ပြောင်းရွှေ့ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

.

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရမှုတွင် ကားပေါ်၌ အသက် ၁၀ နှစ်အရွယ်နှင့် အသက် ၃ နှစ်အရွယ် ကလေးငယ် ၂ ဦး ပါရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိဘဲ လာရောက်ပစ်ခတ်သူများမှာ အရပ် ၅ ပေခွဲခန့်ရှိ အမျိုးသား ၂ ဦး ဖြစ်ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာအနီးတွင် ၉ မမကျည်ခွံ ၉ ခု၊ ၅ ဒသမ ၃၅ ကျည်ခွံ ၂ ခု အပြင် ကျည်ထိပ်ဖူး တစ်ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း နမ့်လန်နယ်မြေရဲစခန်းမှူး ရဲအုပ်ရဲညွန့်ထံက သိရသည်။

.

သေဆုံးသူ အမျိုးသမီး၏ ပထမခင်ပွန်းဖြစ်သူမှာ လွန်ခဲ့သည့် ၃ လခန့်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး ယခု အမျိုးသမီးမှာ ဒုတိယအိမ်ထောင်နှင့် ခရီးမှပြန်လာစဉ် ထပ်မံပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်မှုနှင့် ပတ်သက်၍ နမ့်လန်နယ်မြေရဲစခန်းတွင် (ပ)၂/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၀၇/၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats