နန်းဝင်းရီ
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့နယ်၊ ဒုံကောင်ကျေးရွာ၊ လွယ်မုဲင်းတောင်ပေါ်ရှိ တောင်ဇလပ် ပန်းများအား
မခူးဆွတ်ရန် တားမြစ်ထားပြီး ပန်းတစ်ပွင့်ခူးလျှင် ဒဏ်ငွေ ၃၀၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း
သိရသည်။
.
.“ကျွန်မတို့ကတော့ သဘာဝတောတောင် အလှတွေကို
ခံစားချင်လို့ သွားတာပါ။ ပြီးတော့ တောင်ဇလပ်ပန်းတွေကို လည်း မြင်ဖူးချင်လို့ပါ။
တောင်တက်လမ်း တစ်လျှောက် တောင်ဇလပ်ပန်းတွေကို မခူးဖို့ ဗွီနိုင်းကပ်ထားတယ်။ တောင် ဇလပ်ပန်းကတော့
ခူးကို မခူးသင့်ဘူး။ သဘာဝကို ထိန်းသိမ်းသင့်တယ်။ ရှားလည်း ရှားတယ်။ သဘာဝအတိုင်း
သူ့ အပင်ပေါ် ရှိသင့်တယ်” ဟု လွယ်မုဲင်းတောင်သို့ သွားရောက်ခဲ့သူတစ်ဦးက ၎င်း၏အမြင်ကို
ပြောသည်။
.
ထို့အတူ ဒုံကောင်ကျေးရွာနေ ဈေးရောင်းချသူတစ်ဦးကလည်း
“ဒီတစ်နှစ်က တောင်ဇလပ်ပန်းပွင့်တာ နောက်ကျ တယ်။ ပုံမှန်ကတော့ ဒီဇင်ဘာလကုန်လောက်ကနေ
မတ်လ အထိ ပွင့်တယ်။ COVID-19 ရောဂါသာ မရှိရင် လာလည်တဲ့သူကတော့
ပိုများတယ်။”ဟု ပြောသည်။
.
အဆိုပါ လွယ်မုဲင်းတောင်ပေါ်တွင်
တောင်ဇလပ်ပင်များ အမြောက်အများ စိုက်ပျိုးထားရှိပြီး တောင်ဇလပ်ပင်များ ပိုမို
တိုးပွားလာစေရန်အတွက် ဝိုင်းဝန်းဆောင်ရွက်၊ သိန်းထိမ်းပေးကြရန် လွယ်မုဲင်းတောင်
ဒေသခံ ပြည်သူများက တိုက်တွန်းထားကြောင်း သိရသည်။
.
တောင်ဇလပ်ပင်များသည် အအေးပိုင်း ဒေသများတွင်
ဖူးပွင့်လေ့ရှိပြီး ဒီဇင်ဘာလကုန်ခန့်မှ မတ်လအထိ ဖူးပွင့်လေ့ ရှိကာ တောင်ဇလပ်ပန်းများ
ဖူးပွင့်ရာ ဟိုပုံးမြို့နယ်ရှိ လွယ်မုဲင်းတောင်ပေါ်တွင် တစ်နှစ်ထက် တစ်နှစ်
လာရောက် အပန်းဖြေသူ၊ တောင်တက်ခရီး လာရောက်လည်ပတ်သူ ပိုများလာကြောင်း ဒေသခံများထံက
သိရသည်။
.