ကမ္ဘောဇတိုင်း
.
ပြည်ခိုင်ဖြိုးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ
အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားသည့် ပြည်ထောင်စုလွှတ်တော်
အထူးအစည်းအဝေးကို ကျင်းပရန်နှင့် ပတ်သက်၍ အစည်းအဝေးကျင်းပပေးရန် မရှိကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက
ယနေ့ ဇန်နဝါရီလ ၁၂ ရက်၊ ညနေပိုင်းတွင် ထုတ်ပြန်ချက်အမှတ် (၁/၂၀၂၁) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်ဟု
သိရသည်။
.
.ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ကျန်ရှိနေသည့်
ကိုယ်စားလှယ်များ၏ အခွင့်အရေး မဆုံးရှုံးစေရေး၊ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများကို လွှတ်တော်တွင်
တင်ပြဆွေးနွေးနိုင်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်က
ထိန်းကျောင်းဆောင်ရွက်နိုင်ရေးတို့အတွက် ဒုတိယအကြိမ်ပြည်ထောင်စု လွှတ်တော် အထူးအစည်းအဝေး
ကျင်းပပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စား လှယ် ၃၆ ဦး၊ ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်
၄ ဦး၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ တစ်သီးပုဂ္ဂလ
လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁၆၀ ဦး၊ စုစုပေါင်း
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးတို့က ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်တွင် လက်မှတ်ရေးထိုး
တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။
.
အဆိုပါ တောင်းဆိုမှုနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ရုံးမှ
အကြောင်းပြန်ကြားရာတွင် တင်ပြတောင်းဆိုစာပါ အကြောင်းအရာများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ
၈၁ ပါ ပြဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ် ချက်၊ အတည်ပြုချက်ရယူရမည့်ကိစ္စရပ်မဟုတ်ခြင်း၊
ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၀၂ နှင့်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၁ တို့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ်စေရမည်ဟု
ပြဋ္ဌာန်း ထားသည့် အတွက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ စုပေါင်းတိုင်ပင်
အဖြေရှာဆုံးဖြတ်ရမည့်ကိစ္စမဟုတ်ခြင်း၊ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်သို့
တိုင်ကြား ကန့်ကွက်ခြင်းများအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က သက်ဆိုင်ရာ
ဥပဒေ ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များဖြစ်ခြင်း
တို့ကြောင့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရန် မလိုအပ်ပါကြောင်း
ပြန်ကြားအပ်ပါသည် ဟု ဖော်ပြပါရှိသည်။
.
၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း
(၉) ရွေးကောက်တင်မြှောက်ခြင်းခန်း၊ ပုဒ်မ ၄၀၂ တွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ
လုပ်ငန်းများ၊ ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်၊ အမိန့်များနှင့် စပ်လျဉ်းသည့်
အယူခံမှုများနှင့် ပြင်ဆင်မှုများ၊ နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရ ဆောင်ရွက်သော ကိစ္စရပ်များနှင့်
စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည်
အပြီးအပြတ် ဖြစ်သည်ဟု မှတ်ယူရမည် ဟု ပြဌာန်းဖော်ပြထားသည်။
.