ဆီဆိုင်မြို့နယ်မှ တပ်သိမ်းမြေများနှင့် ပတ်သက်၍ ပအိုဝ်းဒေသဦးစီးအဖွဲ့မှ ခေါ်ယူဆွေးနွေးမှုအား တောင်သူများ အားရ ကျေနပ်မှုမရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆီဆိုင်မြို့နယ်မှ တပ်သိမ်းမြေများနှင့် ပတ်သက်၍ ပအိုဝ်းဒေသဦးစီးအဖွဲ့မှ ခေါ်ယူဆွေးနွေးမှုအား တောင်သူများ အားရ ကျေနပ်မှုမရှိ

နန်းဝင်းရီ

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ တပ်သိမ်းမြေများနှင့် ပတ်သက်၍ အစားထိုး ပြန်ပေးရန် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ တောင်သူများအား ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့သော်လည်း တောင်သူ များမှ ကျေနပ်မှု မရှိကြကြောင်း သိရသည်။

.

.

အဆိုပါ တပ်သိမ်းမြေများနှင့် ပတ်သက်၍ အစားထိုးပြန်လည်ပေးအပ်နိုင်ရန် ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ နောင်ကျော့အုပ်ချုပ်ရေးမှူးနှင့် တပ်သိမ်းမြေ ဧက ၃၀၀ တွင် ပါဝင်သော တောင်သူ ၅၁ ဦးတို့အား ဟိုပုံးမြို့ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးသို့ ယမန်နေ့ ဇန်နဝါရီလ ၇ ရက်က ဆင့်ခေါ်၍ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

“ကောင်တောင်ရိုးသုသာန် ပြန်ပေးဖို့ဆိုပြီး ဖိတ်လာတယ်။ ဒါပေမဲ့ ဒီကိုရောက်တော့ ဧက ၃၀၀ အတွက် ဘန်းယဉ် မြေကို အစားထိုးယူပေးဖို့ ပြောတယ်။ တောင်သူတွေကတော့ အစားထိုးမယူဘူး၊ ကိုယ့်မြေကိုယ်ပဲ ပြန်ယူမယ်လို့ အရင်ကတည်းက တင်ပြထားပြီး ဖြစ်တဲ့အတွက် ဒီနေ့ ဘယ်သူမှ ပြန်မဖြေပါဘူး။ ဒီနေ့ ဆွေးနွေးမှုကိုတော့ အားရမှု မရှိပါဘူး။ ကျွန်မတို့က အစားထိုး မလိုချင်ဘူး။ ကျွန်မတို့မြေမှာ သူတို့ သိမ်းစဉ်ကတည်းက ဒီနေ့ဒီအချိန်အထိ ဘာမှ အကောင်အထည် မဖော်ထားတဲ့ အတွက်ကြောင့် ကျွန်မတို့က မူလမြေကိုပဲ ပြန်ယူချင်တယ်” ဟု မြေသိမ်းခံ တောင်သူ တစ်ဦးဖြစ်သူ ဒေါ်ချိုချိုဝင်းက ပြောသည်။

.

တောင်သူများအနေဖြင့် အဆိုပါ မြေယာများပေါ်တွင် ယခင်ကတည်းက စိုက်ပျိုးလုပ်ကိုင်လာခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ဒေသခံတောင်သူများက သွားရောက်ထွန်ယက်စိုက်ပျိုးခြင်း၊ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခြင်းတို့ကြောင့် တပ်မတော်မှ ဒေသခံများအား တရားစွဲဆိုထားသည်ဟု သိရသည်။

.

“ဒီမြေကို ဘာကြောင့် ပြန်မပေးသလဲဆိုတာ ချပြပေးစေချင်ပါတယ်။ ပြီးတော့ ကျွန်မတို့ တောင်သူတွေကို တရားစွဲ ထားတယ်။ ဒီမြေအတွက် ဆုံးဖြတ်မယ်ဆိုရင် လယ်ယာမြေစိစစ်ရေးကော်မတီ အကုန်လုံး ဥပဒေနဲ့အညီ ဆောင်ရွက် ပေးစေချင်ပါတယ်။ လယ်ယာမြေဥပဒေ ၂၀၁၂ လည်း ရှိတယ်။ မူဝါဒ ၅၂ ချက်နဲ့အညီ ဆောင်ရွက်ပေးစေချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

ထို့အတူ မြေသိမ်းခံ တောင်သူတစ်ဦးဖြစ်သူ ဦးမောင်ဦး ကလည်း “တောင်သူတွေကို မြေအစားထိုးပေးဖို့ကို သူတို့က ပြောတယ်။ ကျွန်တော်တို့ တောင်သူတွေ ကတော့ သဘောမတူနိုင်ဘူး။ ကျွန်တော်တို့က ရေ၊ မြေအရင်းအမြစ်တွေ လည်း ကိုယ်ထူကိုယ်ထ လုပ်ထားပြီးပြီ။ စေတီပုထိုးတွေလည်း ရှိတယ်။ ဒီတော့ ကျွန်တော်တို့ မစွန့်လွှတ်နိုင်ဘူး။ လက်မခံရင်လည်း ကျွန်တော်တို့ ပအိုဝ်းလူကြီးတွေရဲ့ မျက်နှာ ကို ထောက်ထားရမှာဖြစ်လို့ ကျွန်တော် ဒီခန်းမထဲမှာ မပြောခဲ့ဘူး။ ကျွန်တော် ပြန်စဉ်းစားတော့ စိတ်နာတယ်။ တကယ်လို့ မျိုးချစ်စိတ် ရှိတဲ့လူကြီးတွေ ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ အပြည့်အဝ ပြန်ရရမှာပါ” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

.

ယင်းကောင်တောင်ရိုးကျေးရွာမြေများကို တပ်မှ သိမ်းယူပြီးနောက် လမ်းပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် တောင်သူများမှ လမ်းမြေနှင့် သုသာန် အသုံးပြုခွင့်ရရရေး တင်ပြတောင်းဆိုခဲ့ရာ သုသာန်မြေ အနည်းငယ်သာ အသုံးပြုခွင့်ပေးပြီး လမ်းမြေ ပါဝင်ခြင်းမရှိကြောင်း ၎င်းထံက သိရသည်။

.

“ခေါ်ယူရှင်းလင်းတာကိုလည်း အားရမှုမရှိပါဘူး။ ခေတ်စနစ်လည်း ပြောင်းလည်းလာတဲ့ အလျောက် မူဝါဒတွေလည်း ပြောင်းလည်းလာပြီ။ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီစနစ်လည်း ဖြစ်လာပြီ။ နိုင်ငံတော်က မြေလွတ်မြေရိုင်းဥပဒေ တွေကို ပြဌာန်းထားပေမဲ့ အဲဒါက အသက်မဝင်တော့ တောင်သူ ကိုယ်စား အရမ်း ဝမ်းနည်းမိပါတယ်” ဟု ပင်စုံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်း က ပြောသည်။

.

ယင်းကဲ့သို့ ဒေသဦးစီးအဖွဲ့နှင့် တောင်သူများ တွေ့ဆုံဆွေးနွေးမှုကို သတင်းမီဒီယာများအနေဖြင့် တက်ရောက်၍ သတင်းရယူနိုင်ရန် သွားရောက်ခဲ့သော်လည်း ခန်းမအတွင်း ဝင်ခွင့်မရခဲ့သည့်အပြင် တွေ့ဆုံပွဲအပြီးတွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်အား သွားရောက်တွေ့ဆုံမေးမြန်းခွင့်ရရန် ကြိုးပမ်းခဲ့သော် လည်း တွေ့ဆုံခွင့် မရခဲ့ချေ။

.

အဆိုပါ မြေများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁) စစ်ဗျူဟာအဖွဲ့မှ ၁၉၉၆ ခုနှစ် ကတည်းက ရယူထားခြင်း ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats