.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်မိုးရေလှောင်ကန်အတွင်းသို့ ဝင်/ထွက် သွားလာခြင်း မပြုရန် စည်ပင်သာယာရေးဌာနက သတိပေး တားမြစ်ထားကြောင်း သိရသည်။
.
အဆိုပါ အသိပေး တားမြစ်မှုနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးနေလင်းအား ၃ ကြိမ်တိုင် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေဆိုမှု မပြုသဖြင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းအား ဆက်သွယ်မေးမြန်းရာတွင် “ ဒါက သောက်သုံးရေ ဖြန့်ဝေတဲ့ ရေကန် ဖြစ်တယ်။ လူတွေ ရေနစ်ပြီး သေခဲ့တဲ့ ဖြစ်စဉ်တွေ ရှိတယ်၊ အမှိုက်တွေ ပစ်ခဲ့တာတွေ ရှိတယ်၊ ဒါကြောင့်မို့ပါ။” ဟု ပြောသည်။
.
ဂနိုင်မိုးရေလှောင်ကန် ဧရိယာအတွင်း ဝင်ထွက် သွားလာခြင်း၊ ငါးမြှားခြင်း၊ တီကောင် တူးဖော်ခြင်း၊ ရေချိုး၊ အဝတ်လျှော်ခြင်း၊ အရက်သေစာ ဝိုင်းဖွဲ့ သောက်စားခြင်းများ တွေ့ရှိပါက ရှမ်းပြည်နယ်စည်ပင်သာယာရေး ဥပဒေအရ အရေးယူခြင်းခံရမည်ဟု သတိပေးဆိုင်းဘုတ် တပ်ဆင်၍ တားမြစ်ထားခြင်း ဖြစ်သည်။
.
“ အခုက ရေ ကျလာတဲ့ အချိန်ဆိုတော့ ညနေပိုင်းတွေမှာ ကန်ထဲ ဝင်ပြီး အုပ်စုဖွဲ့ သောက်စားတာတွေ ရှိတယ်။ အများစုက လူငယ်လေးတွေပေါ့၊ သောက်စားထားတဲ့ အချိန်ဆိုတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာ စိုးရိမ်ရပါတယ်။ တားမြစ်ချက် ထုတ်နေရုံနဲ့တော့ ပြီးမှာ မဟုတ်ဘူး၊ အရေးယူဖို့လည်း လိုပါတယ်။”ဟု အမှတ်(၂) ဂနိုင်ကန်အနီး နေထိုင်သူ တစ်ဦးက ပြောသည်။
.
ကျောင်းကြီးစုရပ်ကွက်အတွင်း၌ ဂနိုင်ကန် ၃ ခု ရှိပြီး အမှတ်(၁) ကန်မှ မြို့ပေါ်ရပ်ကွက် အချို့သို့ သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိပြီး အမှတ်(၂) နှင့် အမှတ်(၃)ကန်တို့အား ရေစုကန်များအဖြစ် သတ်မှတ် ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း သိရသည်။