မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်ဟူ၍ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လျက် ရှိရာ ဇန်နဝါရီလ ၂ ရက်တွင် ထုတ်ပြန်သည့် ဆဌမအကြိမ်ထုတ်ပြန်ချက်၌ ရှမ်းပြည်နယ်မှ မြို့နယ် ၅ ခုလည်း ပါဝင်လာသည်။
.
ယင်း မြို့နယ် ၅ ခုမှာ မိုင်းရှူး၊ မိုးနဲ၊ ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းခတ်မြို့နယ်တို့ ဖြစ်ပြီး မဲ မသမာမှု ပြုနိုင်သည့် ထပ်နေသော မဲစာရင်းဟူ၍ အသေးစိတ် အချက်အလက်များဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
.
ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲ ကန့်ကွက်လွှာအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) သို့ တင်သွင်းထားသည့် မဲဆန္ဒနယ်များအနက် ရှမ်းပြည်နယ်လွှတ်တော်၊ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပါဝင်သဖြင့် တပ်မတော်၏ ထုတ်ပြန်ချက်နှင့် တိုက်ဆိုင်သော မြို့နယ်တစ်ခု ပါဝင်နေလျက် ရှိသည်။
.
ရှမ်းပြည်နယ်ရှိ မြို့နယ် ၅၅ ခုအနက် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအား မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်း(ပန်ခမ်း)၊ နားဖန်းမြို့နယ်၊ မိုင်းလားမြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ စုစုပေါင်း ၆ မြို့နယ်မှ အပ ကျန် ၄၉ မြို့နယ်တွင် ကျင်းပခဲ့ပြီး မဲဆန္ဒရှင် ၆၆ ရာခိုင်နှုန်းကျော်က ဆန္ဒမဲ ပေးခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။