မိုင်းထွန်း
.
ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင် စခန်း ၄ ခု၌ ခိုလှုံနေသည့် တိုက်ပွဲရှောင် ပြည်သူ ၈၀၀ ကျော်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် အဖွဲ့အစည်းအသီးသီးက ငွေ၊ ဆန်၊ ဆီ၊ ရိက္ခာများနှင့် အဝတ်အထည်များ လာရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.
တိုက်ပွဲရှောင် အိမ်ထောင်စု ၂၂၀ စု၊ လူဦးရေ ၈၅၈ ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် Oxfan in Myanmar အဖွဲ့ က ထောက်ပံ့ပေးလျှက်ရှိရာ အိုမ်တမောဝ် လူမှုကူညီရေးအသင်းက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.
ထို့အတူ ကွတ်ခိုင်မြို့မှ ဂရုဏာ၊ ဗြဟ္မာစိုရ် နှလုံးသား၊ မူဆယ်မြို့မှ မြင့်မြတ်ပါရမီ၊ နမ့်ခန်းမြို့မှ NMBG နှင့် သီပေါမြို့မှ သီပေါလူငယ် အစရှိသည့် ပရဟိတ လူမှုကူညီရေးအသင်းတို့ကလည်း ဆန် ၅၈ အိတ်၊ ဆီ၊ ကုလားပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် အဝတ်အထည်များကို လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.
ကျောက်မဲမြို့နယ်၊ လွယ်အံတင်း ကျေးရွာအုပ်စု အတွင်း RCSS/SSA နှင့် TNLA တို့အကြား ဒီဇင်ဘာ ၂၅ ရက်မှ စ၍ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လွယ်အံတင်း၊ ကောင်းခါး၊ ခုံငင်း၊ မန်စပ်၊ ပန်လော့နှင့် ပန်မခံကျေးရွာများမှ ဒေသခံများသည် ကျောက်မဲမြို့ပေါ်ရှိ ဝါဆိုကျောင်းတိုက်၊ အောင်မင်္ဂလာကျောင်းတိုက်၊ ပိန္နဲကုန်းစာသင်ကျောင်းနှင့် သန္တိသုခ ဓမ္မာရုံတို့တွင် ရောက်ရှိ ခိုလှုံနေခြင်း ဖြစ်သည်။
.
အဆိုပါ တိုက်ပွဲရှောင် ပြည်သူများအတွက် ငွေ၊ ရိက္ခာ၊ အဝတ်အထည်နှင့် အသုံးအဆောင် လာရောက်ထောက်ပံ့ လှူဒါန်းသူ နေ့စဉ် နီးပါး ရှိနေကြောင်း သိရသည်။