ရှမ်းပြည်နယ်မှ နေပြည်တော်သို့ သွားရောက်သည့် DNP ပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦး အမြန်လမ်းမပေါ်တွင် ကားတိုက်ခံရ၍ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်မှ နေပြည်တော်သို့ သွားရောက်သည့် DNP ပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦး အမြန်လမ်းမပေါ်တွင် ကားတိုက်ခံရ၍ သေဆုံး

မင်းဇော်မင်း၊ ခွန်သန်းအောင်

.

ရှမ်းပြည်နယ်မှ နေပြည်တော်သို့ သွားရောက်သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) မှ ဗဟိုအလုပ်အမှု ဆောင် ဦးကျော်ကျော်ဝင်းသည် ယနေ့ ဇန်နဝါရီလ ၂၈ ရက်၊ ညနေပိုင်းက အမြန်လမ်းမပေါ်တွင် ကားတိုက်ခံရ၍ သေဆုံးခဲ့ကြောင်း ယင်းပါတီ၏ ရှမ်းပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသက် ထံက သိရသည်။

.

.

“သူတို့ ၅ ဦး သွားတာပါ။ ပြည်နယ်ဥက္ကဋ္ဌလည်း ပါတယ်။ တပ်ကုန်းမှာ ညောင်းလို့ ကားပေါ်က ဆင်းတဲ့အချိန် ကား တိုက်ခံရတယ်လို့ သိရတယ်။ အခု အောင်ပန်းဆေးရုံမှာပါ။ မနက်ဖြန် သင်္ဂြိုဟ်မယ်။ ဥက္ကဋ္ဌနဲ့ ကျန်တဲ့သူတွေက တပ်ကုန်းမှာ Quarantine ဝင်နေပါတယ်” ဟု ဦးမျိုးသက်က ပြောသည်။

.

ဦးကျော်ကျော်ဝင်းနှင့်အတူ ၎င်း၏ညီ ဦးကျော်တင့်ဆွေ၊ DNP ပါတီ ရှမ်းပြည်နယ်ဥက္ကဋ္ဌ ဒေါ်ညွန့်စိန် တို့ ပါဝင်သော အဖွဲ့ဝင် ၅ ဦးသည် ရှမ်းပြည်နယ်မှ နေပြည်တော်သို့သွားရောက်ခဲ့ခြင်းဖြစ်ပြီး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၄/၂၅၆ အကြားတွင် ကားခေတ္တရပ်နားစဉ် ကားပေါ်မှ ဆင်းသည့် ဦးကျော်ကျော်ဝင်းအား အဖြူရောင် အိမ်စီးမော်တော်ယာဉ် တစ်စီးမှ ဝင်ရောက်တိုက်မိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သေဆုံးသူ ဦးကျော်ကျော်ဝင်းသည် တောင်ကြီးမြို့တွင် နေထိုင်သူဖြစ်ပြီး ၎င်း၏ မိသားစုဝင်များမှာ မန္တလေးတွင် နေထိုင်သူဖြစ်ကာ ၎င်း၏ တူ နေထိုင်ရာ အောင်ပန်းမြို့တွင် သင်္ဂြိုဟ်ရေးကိစ္စများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

‌”ထောက်ခံပွဲသွားတာ မဟုတ်ပါဘူး။ နေပြည်တော်က သူ့မိတ်ဆွေဆီ သွားတာပါ။ ထောက်ခံပွဲ ပျက်သွားတာရော၊ ပွဲစီစဉ်သူ မိုက်ကယ်ကျော်မြင့် ဖမ်းဆီးခံရတာရော သူတို့သိပါတယ်။ မနက်ဖြန်မှာ အမိန့်ပြန်စာဖတ်ပြီး နာရေးပို့ဖို့ ရှိပါမယ်” ဟု အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP) ရှမ်းပြည်နယ် အတွင်းရေးမှူး ဦးဝင်းဗိုလ်က ပြောသည်။

.

သေဆုံးသူ၏ ရုပ်အလောင်းအား ဇန်နဝါရီလ ၂၉ ရက်၊ နေ့လယ် ၁ နာရီတွင် အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက် ရှိ ၎င်း၏ တူတော်စပ်သူ ဦးအာကာမှ တာဝန်ယူ သင်္ဂြိုဟ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats