.
တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာ၊ ဝှေလေလန်ကျေးရွာသွားလမ်း၌ ဇန်နဝါရီလ ၆ ရက် ညနေပိုင်းတွင် ပူးပေါင်းအဖွဲ့က ယာဉ်တစ်စီးအား စစ်ဆေးရာမှ အိုက်စ်၊ ပစ္စတိုသေနတ်နှင့် ကျည်များကို တွေ့ရှိရာမှ ကွင်းဆက်အရ ဆက်လက်ရှာဖွေရာ မူးယစ်ဆေးဝါးများ၊ လက်ပစ်ဗုံးနှင့် ခဲယမ်းများ ထပ်မံ သိမ်းဆည်းရမိကြောင်း သိရသည်။
.
မူးယစ်တပ်ဖွဲ့စု(၃၀)မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇန်န၀ါရီလ ၆ ရက် ညနေ ၅ နာရီခွဲကျော်ခန့်က တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာ၊ ဝှေလေလန်ကျေးရွာသွားလမ်း၊ လွမ်းစေတီဘုန်းကြီးကျောင်း အနီးတွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ဆီလီငေါ့ကျေးရွာနေ စိုင်းရွက် မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းဘေးထိုင်ခုံအောက်မှ အိုက်စ်မူးယစ်ဆေးဝါး ၁ ကီလိုနှင့် အံဝှက်အတွင်းမှ ပစ္စတိုသေနတ် ၁ လက်၊ ၄င်းကျည် ၅ တောင့်၊ ကျည်အိမ် ၁ ခုတို့ကို တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
.
၄င်း၏ ထွက်ဆိုချက်အရ တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ၀မ်ကျောက်လုံကျေးရွာနေ အိုက်ခေါက်ထံမှ ဝယ်ယူရရှိခဲ့ကြောင်း သိရှိရသည့်အတွက် ပူးပေါင်း အဖွဲ့က အိုက်ခေါက်၏ နေအိမ်အား ဆက်လက် ရှာဖွေရာ အိုက်ခေါက်အား မတွေ့ရဘဲ အိမ်ရှေ့တွင် ရပ်ထားသည့် မော်တော်ယာဉ်အတွင်းနှင့် နေအိမ်အနောက်ရှိ မြေတိုက်ခန်းအတွင်းမှ စိတ်ကြွဆေးပြား ၁၆ ဒသမ ၉ သိန်း၊ စိတ်ကြွဆေးမှုန့် ၅၈ကီလို၊ အိုက်စ် ၈၇ ဒသမ ၅ ကီလို၊ ဘိန်းဖြူ ၂၃ ဒသမ ၁ ကီလို၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအပြင် ဖျူးစ်မပါ လက်ပစ်ဗုံး ၁ လုံးနှင့် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါမူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့် တွေ့ရှိသူ စိုင်းရွက်နှင့် အိုက်ခေါက်(ဖမ်းမမိသေး) တို့ကို တာချီလိတ်မြို့နယ်၊ ဟောင်လိတ်နယ်မြေရဲစခန်းတွင် အမှုဖွင့် ထားပြီး အိုက်ခေါက်အား ဖမ်းဆီး ရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။