ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရ၊ စာပေးစာယူဌာနမှ
ဝန်ထမ်းတစ်ဦးတွင် ယနေ့ ဇန်နဝါရီလ ၈ ရက်က COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း
ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
“တစ်ယောက် အနံ့ပျောက်တယ် ဆိုတာနဲ့
အနံ့ပျောက်သူရော သူ့ရဲ့ Contact ရော ၅ ယောက်ကို စစ်လိုက်တာ။
အနံ့ပျောက်သူမှာတော့ ပိုး မတွေ့ဘူး၊ Contact တစ်ယောက်မှာတော့
ပိုးတွေ့တယ်။ စာပေးစာယူဌာနကလို့တော့ သိရတယ်”ဟု ရှမ်းပြည်နယ် ကုသရေးနှင့်
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်က ပြောသည်။
.
ထို့အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး
ဦးနေလင်း ကလည်း “ပိုးတွေ့တာ ဟုတ်ပါတယ်။ ထိတွေ့မှု ရှိသူတွေကိုတော့ လိုက်ပြီး
စစ်နေတယ်။ ဆက်စပ်သူ အကုန်လုံးကို အထက (၅)မှာ Quarantine သွင်းဖို့
လုပ်နေပြီ။ ဆက်စပ်သူက ၂၀ လောက်တော့ ရှိနိုင်မယ်၊ အသုတ်လိုက် စစ်နေပါပြီ။ ”ဟု အတည်ပြု
ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်အစိုးရ၊ စာပေးစာယူဌာနမှ အမျိုးသမီး
ဝန်ထမ်းတစ်ဦးသည် အနံ့ပျောက်သည်ဟု သိရသဖြင့် ရုံး တက်ရောက်စေခြင်း မပြုဘဲ Quarantine
ဝင်ရောက်စေပြီးနောက် ယင်းဌာနမှ ဝန်ထမ်းများအား ဇန်နဝါရီလ ၈ ရက်၌
စစ်ဆေးစဉ် တစ်ဦးတွင် COVID-19 ပိုးတွေ့ခြင်း ဖြစ်ကြောင်း သိရသည်။
.