.
COVID-19 ကာကွယ်ဆေး COVISHIELD ကို လာမည့် ဇန်နဝါရီ ၂၇ ရက်တွင် ပထမဆုံးအသုတ်အဖြစ် ထိုးနှံမှု ပြုလုပ်ရာ၌ ရှမ်းပြည်နယ် အတွင်းရှိ ကျန်းမာရေးဝန်ထမ်း အားလုံး ပါဝင်မည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
Photo - Shan State Helath Department
“ ၂၇ ရက်နေ့မှာ ကျွန်မတို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ ဝန်ထမ်းတွေကိုပဲ ထိုးပေးမှာပါ။ အခြားအဖွဲ့တွေ မပါသေးပါဘူး၊ ရှမ်းပြည်နယ် အပါအဝင် မြန်မာ တစ်နိုင်ငံလုံးပါပဲ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေရော၊ တခြားဦးစီးဌာနတွေ ဖြစ်တဲ့ တိုင်းရင်းဆေးတို့ ဘာတို့ရော အကုန်ပါမယ်။ လူမှုရေး အသင်းအဖွဲ့တွေကတော့ စာရင်းတော့ ကောက်ခိုင်းထားတယ်၊ ဒီ ၂၇ ရက်တော့ မပါသေးဘူး၊ သူတို့ကတော့ နောက်တစ်သုတ်လောက်မှာ ဖြစ်မယ် ထင်တယ်။” ဟု ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်က ပြောသည်။
.
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်၊ နေ့လယ်ပိုင်းတွင် အိန္ဒိယလေကြောင်းလိုင်းဖြင့် Serum Institute of India မှ COVID-19 ကာကွယ်ဆေး ၁ ဒသမ ၅ သန်း ရောက်ရှိလာပြီးနောက် မြန်မာနိုင်ငံရှိ လူ ၇ သိန်းခွဲ ထိုးနှံနိုင်သည့် အရေအတွက်တွင် ကျန်းမာရေးဝန်ထမ်းများကို ပထမဆုံးဦးစားပေး ထိုးနှံမည့်အစီအစဉ်ကို လာမည့်ဇန်နဝါရီ ၂၇ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဇန်နဝါရီလ ၁၆ ရက်ထုတ် India Today သတင်းစာပါ COVID-19 ကာကွယ်ဆေးထိုးနံမှု လမ်းညွှန်စာတမ်းကို ဘာသာပြန် ရေးသား ဖော်ပြရာတွင် ကာကွယ်ဆေးကို အသက် ၁၈ နှစ်အထက် ထိုးရန်၊ ကိုယ်ဝန်ဆောင်များနှင့် ကိုယ်ဝန် ရှိနိုင်သူများ၊ နို့တိုက်မိခင်များမှာမူ မထိုးသင့်သေးကြောင်း၊ ပထမအကြိမ် ကာကွယ်ဆေး ထိုးစဉ် ဓာတ် မတည့်သူများ၊ အစားအသောက် ဓာတ် မတည့်သူများ မထိုးသင့်ကြောင်း ပါရှိသည်။
.
ထို့အပြင် COVID-19 ကာကွယ်ဆေးနှင့် အခြားကာကွယ်ဆေးများကို အနည်းဆုံး ၁၄ ရက် ခြားရန်၊ COVID-19 ကာကွယ်ဆေး တစ်မျိုး ထိုးပြီး အခြားတစ်မျိုးအား လဲလှယ် ထိုးခွင့်မပြု၊ အမျိုးအစားတူသာ ထိုးရန်၊ လက်ရှိ အခြေအနေတွင် COVID-19 လက္ခဏာ ခံစားနေရသူများ၊ ပိုးတွေ့လူနာ ဖြစ်ပြီး Monoclonal Antibodies နှင့် ကုသမှု ခံယူနေသူများ၊ ပြန်ကောင်းလူနာ၏ သွေးရည်ကြည်သွင်းပြီး ကုသမှု ခံယူနေသူများ၊ ရောဂါ တစ်မျိုးမျိုးကြောင့် နေမကောင်း ဖြစ်ပြီး ဆေးရုံတင် ကုသမှု ခံယူနေရသူများ၊ သွေးမတိတ်ရောဂါ ခံစားနေရသူများ၊ သွေးခဲဓာတ် ချို့ယွင်းသူ၊ သွေးခဲစနစ်တွင် ပြဿနာရှိသူ၊ သွေးမွှားတွင် ချို့ယွင်းချက်ရှိသူများ ဂရုစိုက်၍ ဆေးထိုးရမည်ဟု ဖော်ပြထားသည်။
.
ယခင်က COVID-19 ကူးစက်ခံရသူများ၊ နာတာရှည်ရောဂါ ရှိသူများ၊ ကိုယ်ခံအား ကျဆင်းသည့် ဝေဒနာ ခံစား နေရသူများ၊ HIV ၊ အကြောင်းကြောင်းကြောင့် ကိုယ်ခံအားကို ဖိနှိပ် ခံထားရသူများမှာ COVISHIELD ထိုးပြီးနောက် နောက်ဆက်တွဲ ဖြစ်ရပ်များအနေဖြင့် ဆေးထိုးသည့်နေရာတွင် နီနေခြင်း၊ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ ပျို့အန်ခြင်းတို့ ခံစားရနိုင်ပြီး အလွန်ရှားပါးစွာဖြင့် အာရုံကြော အပေါ်လွှာတွင် ထိခိုက်မှု demyelinating disorders ကို တွေ့ကြုံနိုင်ရသည်ဟု လည်း ဒေါက်တာ ခင်ခင်ကြီးက ရေးသားထားသည်။
.
အဆိုပါ Astra Zeneca (COVISHIELD) ကာကွယ်ဆေးများကို ULD (Unit Load Device) အအေးခံ ကွန်တိန်နာများဖြင့် သယ်ဆောင်လာခြင်း မဟုတ်ဘဲ အတွင်းပတ်လည်တွင် Gel Ice အအေးခံ ကယ်မီကယ် တစ်မျိုးနှင့် ရံထားသည့် သာမန်အအေးခံ ဖော့ပုံးများဖြင့်ထည့်၍ သယ်ဆောင်လာခြင်းဖြစ်ကာ အပူချိန် (+၂) မှ (+၈) အထိ ခံနိုင်ရည် ရှိသည်ဟု သိရသည်။