ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များ ဖေဖော်ဝါရီလ ၅ ရက်တွင် COVID-19 ကာကွယ်ဆေး ထိုးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များ ဖေဖော်ဝါရီလ ၅ ရက်တွင် COVID-19 ကာကွယ်ဆေး ထိုးမည်

ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များ လာမည့် ဖေဖော်ဝါရီလ ၅ ရက်တွင် COVID-19 ကာကွယ်ဆေး ထိုးနှံမည် ဖြစ်ကြောင်း သိရသည်။

.


“ အစိုးရအဖွဲ့ကတော့ ၅ ရက်နေ့ ထိုးရမယ်လို့ ဆရာမကြီး (ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး)က ပြောတယ်။ ဘယ်နေရာမှာ၊ ဘယ်အချိန် ထိုးမလဲဆိုတာတော့ မသတ်မှတ်ရသေးဘူး။ လွှတ်တော်ကိုယ်စားလှယ် အဟောင်းတွေကတော့ စာရင်းပေးထားတယ်၊ အသစ်တွေကတော့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ Test Kit နဲ့ စစ်မယ်။ လွှတ်တော် အစည်းအဝေး ပြီးမှပဲ ထိုးမယ်လို့ ထင်ပါတယ်။”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်အား ဆက်သွယ်မေးမြန်းရာတွင်မူ ပြည်နယ်အစိုးရအဖွဲ့ဝင်များအား ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် COVID-19 ကာကွယ်ဆေး ထိုးနှံရန် ကြေညာထားပြီး လွှတ်တော်ကိုယ်စားလှယ်များကိုမူ စာရင်း တောင်းထားဆဲ ဖြစ်ကြောင်း ဖြေဆိုခဲ့သည်။

.

ထို့အတူ ရှမ်းပြည်နယ်တရားလွှတ်တော်မှ အကြီးအကဲများနှင့် တရားရေးအရာရှိများ ကာကွယ်ဆေးထိုးနှံမည့် အခြေအနေနှင့် ပတ်သက်၍ “ စာရင်းတော့ ပေးထားတယ်၊ ဘယ်နေ့ ထိုးရမယ်ဆိုတာတော့ မသိသေးဘူး။” ဟု ပြန်ကြားရေးအရာရှိ ဦးမြအောင်က ပြောသည်။

.

ရှမ်းပြည်နယ်အတွင်းရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်မှ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ဝန်ထမ်းများ အားလုံးကို ဇန်နဝါရီလ ၂၇ ရက်မှ စတင်၍ COVID-19 ကာကွယ်ဆေးများကို မြို့နယ်အလိုက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

.


COVID-19 ကာကွယ်ဆေး ထိုးနှံရာတွင် ဦးစားပေး ထိုးနှံမည့် အလုပ်အကိုင် အမျိုးအစားအလိုက် အုပ်စု ၂၀ သတ်မှတ်ထားပြီး ယင်းအနက် ဗဟို/တိုင်းဒေသကြီး/ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များအား အုပ်စု ၁ တွင် လည်းကောင်း၊ ဗဟို/တိုင်းဒေသကြီး/ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ်များအား အုပ်စု ၂ တွင် လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများအား အုပ်စု ၃ တွင် လည်းကောင်း အသီးသီး သတ်မှတ်ထားသည်။

Journal Download

Photo of three cats