စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ဇန်နဝါရီလ ၂၈ ရက်မှ ၂၉ ရက်အထိ
COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ
ဆေးထိုးပြီးနောက် ကိုယ်လက်ကိုက်ခဲခြင်းနှင့် ဖျားနာသူအချို့ ရှိသော်လည်း စိုးရိမ်ရန်
မလိုကြောင်း ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်က
ပြောဆိုခဲ့သည်။
.
.
“ပြင်းပြင်းထန်ထန်ဖြစ်တယ်ဆိုပြီး တက်လာတာတော့ မရှိပါဘူး။ နည်းနည်း ကိုယ်လက်မအီသာတို့
ဖြစ်ရုံလောက်ပါပဲ။ ဓါတ်မတည့်တာ မဟုတ်ပါဘူး။ ဘယ်ကာကွယ်ဆေးမဆို သူ့ရဲ့ အာနိသင်တွေတော့
ရှိတာပေါ့” ဟု ဒေါက်တာ သူဇာချစ်တင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း COVID-19 ကာကွယ်ဆေး
(COVISHIELD) ၁ ဒသမ ၅ သန်းကို အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့
လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပထမဦးစားပေးအဖြစ် တစ်နိုင်ငံလုံးရှိ
ကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ယင်းဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကို ကလည်း “ဓာတ်မတည့်တာ
မဟုတ်ဘူး။ ကာကွယ်ဆေးတွေရဲ့ ထုံးစံအတိုင်း ထိုးပြီးရင် ဖျားနာတာ၊ ကိုက်ခဲတာမျိုးတော့
ရှိတယ်။ အသက်အန္တရာယ်ဖြစ်တဲ့ အထိ မရှိဘူး။ ပြင်းပြင်းထန်ထန်ဖြစ်တဲ့သူလည်း မရှိပါဘူး။
တချို့ မူးပြီး အန်ချင်သလိုဖြစ်တာမျိုးတွေတော့ ရှိတယ်” ဟု ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွက် ပထမအသုတ် အနေဖြင့် COVID-19 ကာကွယ်ဆေး ၅၆၄ လုံး ရရှိထားပြီး လူဦးရေ
၅၆၀၀ ကျော်အား ထိုးနှံပေးခဲ့ပြီးဖြစ်ကာ ဒုတိယ အသုတ် အနေဖြင့် လာမည့် ဖေဖော် ဝါရီလ
၅ ရက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊
လွှတ်တော်ကိုယ်စားလှယ်များကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.