ကိုစိုး (ကမ္ဘောဇတိုင်း)
.
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ရှမ်းပြည်နယ်အစိုးရရုံးဟောင်းအတွင်း
COVID-19 ရောဂါ စစ်ဆေးရေးဌာနကို ယနေ့ ဇန်နဝါရီလ ၁၈ ရက်တွင် စတင်ဖွင့်လှစ်စစ်ဆေးပေးခဲ့ရာ
ပထမနေ့အတွင်း လာရောက်စစ်ဆေးသူ အားလုံး၌ COVID-19 ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း
သိရသည်။
.
.အဆိုပါ ကျန်းမာရေးစစ်ဆေးရေးဌာနတွင် ယနေ့ ဇန်နဝါရီလ
၁၈ ရက်၊ နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲအချိန်အထိ လာရောက်စစ်ဆေးသူ ၂၈ ဦးအား RDT
Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ အားလုံး၌ ရောဂါပိုး မတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“ဒီနေ့ ၂၈ ယောက်လာစစ်တာ အားလုံး Negative
ပါ။ အဲဒီလို Negative ဖြစ်တဲ့သူတွေကို ဆေးထောက်ခံချက်
ထုတ်ပေးပါတယ်” ဟု တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိုးထွန်းက
ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ယင်း ကျန်းမာရေး စစ်ဆေးရေးဌာနကို နေ့စဉ် နံနက် ၉
နာရီခွဲမှ ညနေ ၃ နာရီခွဲအချိန်အထိ ဖွင့်လှစ်လက်ခံစစ်ဆေး ပေးသွားမည်ဖြစ်ပြီး တစ်ရက်လျှင်
လူဦးရေ ၅၀ ခန့် စစ်ဆေးပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
.
လေကြောင်းဖြင့် ခရီးသွားမည့်သူများ၊ COVID-19
ရောဂါ သံသယရှိသူများအနေဖြင့် RDT ကျန်းမာရေးစစ်ဆေးရေးဌာန
သို့ လာရောက်စစ်ဆေးမှု ခံယူနိုင်ပြီး တစ်ဦးလျှင် ဆေးစစ်က ကျပ် ၁၀၀၀၀ ကျသင့်မည်ဖြစ်ကာ
ဆေးလက်မှတ် ရရှိ ပါက လေယာဉ်စီးနင်းရာတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး မော်တော်ယာဉ်ဖြင့်
ခရီးသွားရာတွင် အသုံးပြုနိုင်မည် မဟုတ်ကြောင်း သိရသည်။
.
#KBZTai #Shan #News #KoSoe
.