မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းရှိ မြို့နယ်များတွင်
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကန့်သတ်ချက်
ဖြေလျှော့သည့် အစီအစဉ်များကို ခေတ္တ ပြန်လည်ဆိုင်းငံ့ထားသည်ဟု သိရသည်။
.
ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်က စတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်း
အတွင်းရှိ မြို့နယ်များတွင် အသွားအလာ ကန့်သတ်မှုနှင့် ပတ်သက်၍ ဖြေလျှော့မှုများ လုပ်ဆောင်ခဲ့သော်လည်း
ယင်းနေ့တွင်ပင် လားရှိုးမြို့ရှိ ကွတ်ခိုင်နှင့် မူဆယ်ပြန် Quarantine ဝင်ရောက်နေသူ ၂ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည့်အတွက်
ယနေ့ ဇန်နဝါရီလ ၂၈ ရက်မှ စတင်၍ ဖြေလျှော့မှုကို ခေတ္တဆိုင်းငံ့မည်ဖြစ်ကြောင်းနှင့်
သင့်လျော်မည့် အချိန်တွင် ပြန်လည်ဖြေလျှော့ပေး သွားရန် ရှိကြောင်း လားရှိုးမြို့နယ်
COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးအာကာလင်း က ပြောဆိုခဲ့သည်။
.
“မနေ့ကပဲ Positive ၃
ယောက်ထွက်တယ်။ မူဆယ်နဲ့ ကွမ်းလုံကပြန်လာလို့ Quarantine ထည့်ထားတဲ့
၂ ယောက်မှာ တွေ့တယ်၊၊ နောက်တစ်ယောက်က မြဝတီပြန်ပါ။ ဖြေလျှော့မယ်ဆိုပြီး အဲဒီလိုဖြစ်တော့
အခုလို ဆိုင်းငံ့လိုက်တာပါ။ အစည်းအဝေး ပြန်ဆွေးနွေးပြီးမှ
သင့်တော်မယ့်သတင်းအချက်အလက်တွေနဲ့ လက်ခံဖို့ ဖြေလျှော့ လျှော့မှာပါ၊ မနက်ဖြန် (ဇန်နဝါရီ
၂၉ ရက်) လည်း ဖြစ်နိုင်ပါတယ်” ဟု ဦးအာကာလင်းက ပြောသည်။
.
ဒေသတွင်း မြို့နယ်များမှ လားရှိုးမြို့သို့ ပြန်လည်ဝင်ရောက်လာသူများကို
ဇန်နဝါရီလ ၂၇ ရက်မှ စတင်၍ Quarantine ဝင်ရောက်ရန်မလိုဘဲ ညအိပ်ခွင့်ပြုကြောင်း
ထုတ်ပြန်ခဲ့ပြီး ယခုအခါ ပိုးတွေ့လူနာများ ဆက်လက်တွေ့ရှိနေသဖြင့် ဖြေလျှော့မှုအစီအစဉ်အား
ခေတ္တဆိုင်းငံ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ အရှေ့ပိုင်း အပါအဝင် အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ သို့ ဝင်ရောက်လာပါက Quarantine ၁၄
ရက် ဝင်ရောက်ရမည်ဖြစ်ပြီး ပိုးမတွေ့ပါက Home Quarantine ၇ ရက်
ဝင်ရန် မလိုကြောင်းနှင့် တစ်လအတွင်း ရယူထားသည့် ရပ်ကွက်/ကျေးရွာ ထောက်ခံစာ များဖြင့်
သွားလာနိုင်ကြောင်း သိရသည်။
.
လားရှိုးမြို့နယ်အပါအဝင် တစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများကို
ပထမအသုတ်အနေဖြင့် COVID-19 ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံနေပြီ
ဖြစ်သဖြင့် ဖြေလျှော့မည့်အစီအစဉ်များ ကိုရက်ပိုင်းအတွင်း ပြန်လည်စတင်နိုင်ရန် ဒေသခံများမှ
မျှော်လင့်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment