စုလှိုင်၊ နန်းဝင်းရီ
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံနှင့်
အမျိုးသမီးနှင့် ကလေးဆေးရုံတို့တွင် ယနေ့ ဇန်နဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းမှ စတင်၍ ကျန်းမာရေးဝန်ထမ်းများအား
COVID-19 ကာကွယ်ဆေး (COVISHIIELD) များ
စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
.
.ထိုသို့ ထိုးနှံပေးရာတွင် စဝ်စံထွန်းဆေးရုံ၌ ကျန်းမာရေးဝန်ထမ်း
၆၀၀ ဦးတို့ကိုလည်းကောင်း၊ အမျိုးသမီးနှင့် ကလေး ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်း ၂၄၃
ဦးတို့ကိုလည်းကောင်း စတင်ထိုးနှံပေးနေခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၉ ရက်တွင် ထပ်မံ ထိုးနှံပေးသွားမည်ဖြစ်ကာ
ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း ကျန်းမာရေး ဝန်ထမ်းများကို
COVID-19 ကာကွယ်ဆေးများ တစ်ပြိုင်နက် ထိုးနှံပေးလျက်ရှိကြောင်း
သိရသည်။
.
“ဒီနေ့ကတော့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေကို
COVID-19 ကာကွယ်ဆေး ပထမဆုံး စထိုးနှံတာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့
အားကစားဝန်ကြီးဌာန အောက်မှာရှိတဲ့ ဦးစီးဌာန အားလုံးက ဝန်ထမ်းတွေကို ထိုးပေးမှာဖြစ်ပါတယ်။
တောင်ကြီးမှာလိုပဲ တစ်ခြားမြို့နယ်တွေမှာလည်း တစ်ပြိုင်နက် စထိုးပေးနေပါတယ်” ဟု ရှမ်းပြည်နယ်
ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်က ပြောသည်။
.
ထို့အတူ တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံမှ ဒေါက်တာဝတ်မှုံကလည်း “ဆေးရုံက အင်အား ၂၃၁ ယောက်နဲ့ သားဖွားသင်တန်းကျောင်းက ကျောင်းသူတွေကို
ခေါ်ထိုးပေးနေတယ်။ မနက်ဖြန် ဆေးတက္ကသိုလ်နဲ့ အားကာသိပ္ပံက ထိုးပေးဖို့ ကျန်ပါမယ်” ဟု
ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွက် ပထမအသုတ် အနေဖြင့်
COVID-19 ကာကွယ်ဆေး ၅၆၄ လုံး ရရှိထားပြီး တစ်လုံးလျှင် လူ ၁၀
ဦး ထိုးနှံ ပေးနိုင်သည့်အတွက် လူဦးရေ ၅၆၀၀ ကျော်အား ထိုးနှံပေးနိုင်မည်ဖြစ်ကာ ဒုတိယ
အသုတ် အနေဖြင့် လာမည့် ဖေဖော် ဝါရီလ ၅ ရက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်
ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များကို COVID-19 ကာကွယ်ဆေး
ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ COVID-19 ကာကွယ်ဆေး
ထိုးနှံပေးနိုင်ရေးအတွက် ဦးစားပေး အုပ်စု ၂၀ ခွဲခြားကာ စာရင်းကောက်ခံလျက် ရှိပြီး ထိုးနှံပေးမည့်
အုပ်စုကို ဗဟိုမှ ရွေးချယ်ဆုံးဖြတ်ပေးပါက ထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်
ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
ကာကွယ်ဆေး ထိုးနှံရာတွင် အသက် ၁၈ နှစ်အထက်
ရှိသူများသာ ထိုးနှံနိုင်မည်ဖြစ်ကာ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ
မထိုးနှံသင့်ဘဲ ကိုယ်အင်္ဂါ အစားထိုး ခွဲစိတ်ကုသခံထားရသူများ ခုခံအားကျရောဂါနှင့်
ခုခံအား ကျဆင်းစေသည့် ဆေးဝါး တစ်ခုခု သုံးစွဲနေရသူများ အနေဖြင့် ကာကွယ်ဆေး
ထိုးနှံခြင်း ခံယူရန် သင့်/မသင့်ကို ဆရာဝန်များနှင့် ကြိုတင်တိုင်ပင်ရန်
လိုအပ်ကြောင်း သိရသည်။
.