စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား
ထိုးနှံပေးမည့် ပထမအသုတ် COVID-19 ရောဂါ ကာကွယ်ဆေး (COVISHIELD)
၅၆၄ လုံး ယနေ့ ဇန်နဝါရီလ ၂၇ ရက်တွင် တောင်ကြီးမြို့သို့ စတင် ရောက်ရှိလာပြီ
ဖြစ်ကြောင်း သိရသည်။
.
.“မနက်က လေဆိပ်မှာ သွားထုတ်ပြီးပြီ။ အခု ပြည်နယ်ရုံးကို
ရောက်ပါပြီ။ အအေးခန်းမှာ ထားထားပါတယ်” ဟု ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကို က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း COVID-19 ကာကွယ်ဆေးများကို
လူတစ်ဦးလျှင် ၂ ကြိမ်ထိုးနှံရမည်ဖြစ်ပြီး ကျန်းမာရေး ဝန်ထမ်းများအား ပထမဦးဆုံး
ထိုးနှံပေးသွားမည်ဖြစ်ကာ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊
လူထုလူတန်းအစား အသီးသီးအလိုက် တစ်ဆင့်ချင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
“ရှမ်းတောင်အတွက် ၅၆၄ လုံးပဲရတယ်။ မနက်ဖြန်မှာ
စထိုးမယ်။ တောင်ကြီးကတော့ စဝ်စံထွန်း ဆေးရုံနဲ့ အမျိုးသမီး နဲ့ ကလေး ဆေးရုံပေါ့။
ကျန်တဲ့မြို့နယ်တွေက သူတို့မြို့နယ်တွေမှာ ထိုးမှာပါ။ ၅၆၄ လုံးဆိုတာ လူ ၅၆၄၀ စာ ရတာပေါ့။
တစ်လုံးမှာ ၁၀ ယောက် ထိုးလို့ရပါတယ်။ ဒါက ရှမ်းတောင်ရဲ့ ကျန်းမာရေး ဝန်ထမ်းတွေ
အတွက်ပါပဲ”ဟု ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်ကလည်း
ပြောဆိုခဲ့သည်။
.
အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ COVID-19 ကာကွယ်ဆေး ၁ ဒသမ ၅ သန်း ကို လက်ဆောင် အဖြစ် ပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေး
ထိုးနှံရာတွင် အသက် ၁၈ နှစ်အထက် ရှိသူများသာ ထိုးနှံနိုင်မည်ဖြစ်ကာ
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မထိုးနှံသင့်ဘဲ ကိုယ်အင်္ဂါ အစားထိုး
ခွဲစိတ်ကုသခံထားရသူများ ခုခံအားကျရောဂါနှင့် ခုခံအား ကျဆင်းစေသည့် ဆေးဝါး တစ်ခုခု
သုံးစွဲနေရသူများ အနေဖြင့် ကာကွယ်ဆေး ထိုးနှံခြင်း ခံယူရန် သင့်/မသင့်ကို
ဆရာဝန်များနှင့် ကြိုတင်တိုင်ပင်ရန် လိုအပ်ကြောင်း သိရသည်။
.
အဆိုပါ COVID-19 ရောဂါ ကာကွယ်ဆေး
ထိုးနှံပေးနိုင်ရေးအတွက် ဆေးထိုးနှံရမည့်သူများစာရင်းကိုလည်း မြို့နယ် အလိုက် ရပ်ကွက်/ကျေးရွာများတွင်
အိမ်တိုင်ရာရောက် ကောက်ခံနေလျက်ရှိပြီး ဇန်နဝါရီလ ၂၉ ရက်တွင် အပြီး ကောက်ခံသွားမည်ဖြစ်ကြောင်း
သိရသည်။
.
ဓါတ်ပုံ - ဒေါက်တာ ဇဝနကို
.