ကိုကိုနိုင် (မိုင်းယု)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားတွင်
COVID-19 ရောဂါပိုး ကူးစက်လူနာ မရှိတော့သဖြင့် ကုန်စည် စီးဆင်းမှု
အဆင်ပြေစေရန်အတွက် အထူးဒေသ (၄) နှင့် တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တို့ကို ဆက်သွယ်ထားသည့်
မိုင်းယု-ကျိန်းယဲန်းတံတားကို ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းမှ စတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း
သိရသည်။
.
.အထူးဒေသ (၄) မိုင်းလားနယ်မြေအတွင်း COVID-19
ရောဂါ ကူးစက်မှုအခြေအနေများကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ
၄ ရက်၊ ညနေပိုင်းက အဆိုပါ မိုင်းယု-ကျိန်းယဲန်းတံတားကို NDAA မိုင်းလားအဖွဲ့မှ ဖြတ်သန်း သွားလာခွင့် ရက်အကန့်အသတ်မရှိ ယာယီပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
.
ယခုအခါ အထူးဒေသ (၄) တွင် COVID-19 ရောဂါပိုး ကူးစက်လူနာ မရှိတော့သဖြင့် မိုင်းလားအထူးဒေသ (၄) နမ့်ပန်းဒေသ ရဲမှူးမှ
မိုင်းယုမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ကုန်စည်စီးဆင်းမှု
အဆင်ပြေစေရန်အတွက် ဇန်နဝါရီလ ၂၀ ရက်၊ နံနက် ၆ နာရီအချိန်မှ စတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အထူးဒေသ (၄) မိုင်းလားတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ
၂၀ ရက်က ခရီးသွားရာဇဝင်မရှိသူတစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက်
ဒေသကို အသွားအလာကန့်သတ်ခြင်း (Lockdown) ကြေညာခဲ့ပြီး ယနေ့ ဇန်နဝါရီလ
၂၁ ရက်တွင် Lockdown ပြန်လည်ဖြေလျှော့ပေးခဲ့သည်ဟု သိရသည်။
.