.
ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်၌ COVID-19 ရောဂါပိုး စစ်ဆေးပြီးမှ ထွက်ခွာရန် တာဝန် ရှိသူများ၏ ညွှန်ကြားမှုအား လိုက်နာမှု မရှိဘဲ မောင်းနှင်သည့် ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက် ၃ ဦးကို ဇန်နဝါရီလ ၁၉ ရက်က အရေးယူထားကြောင်း သိရသည်။
.
ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၉ ရက် ညပိုင်းက နန့်ပန်တက် စစ်ဆေးရေးဂိတ်၌ အတက်/အဆင်း မော်တော်ယာဉ်များအား COVID-19 ရောဂါနှင့် ပတ်သက်၍ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေစဉ် မော်တော်ယာဉ် ၂ စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ ဆေး ထောက်ခံချက်သည် သတ်မှတ် ၇၂ နာရီ ကျော်လွန်နေသည်ကို တွေ့ရှိရသဖြင့် COVID-19 ရောဂါ စစ်ဆေးပြီးမှသာ ထွက်ခွာရန် ညွှန်ကြားခဲ့သော်လည်း ညွှန်ကြားမှုအား လက်မခံဘဲ မောင်းနှင်သွားခဲ့ခြင်းကြောင့် အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ တာဝန်ရှိသူများ၏ လမ်းညွှန်မှုကို လိုက်နာခြင်း မရှိသည့်သူများမှာ သာစည်ဘက်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာသည့် ၁၂ ဘီးယာဉ် ယာဉ်မောင်း ဖီလစ်ဦးရယ်၊ ယာဉ်နောက်လိုက် ရှောလမွန် (တာဝန်ရှိသူများအား ဆဲဆိုသူ)နှင့် ၁၂ ဘီးယာဉ် ယာဉ်မောင်း စောလောအယ်တို့ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ညွှန်ကြားချက် မနာခံသူများအား အရေးယူရန် ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မင်းမှ တရားလို ပြုလုပ် တိုင်ကြားခဲ့ခြင်းကြောင့် ကလောမြို့မရဲစခန်းတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်၍ ဇန်နဝါရီလ ၂၀ ရက်တွင် ဖမ်းဆီးချုပ်နှောင်ကာ စစ်ဆေးလျက် ရှိကြောင်း သိရသည်။