ကမ္ဘောဇတိုင်း
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင်
ဇန်နဝါရီလ ၇ ရက်က လူသတ်မှုဖြင့် ထွက်ပြေး တိမ်းရှောင်နေသည့် တရားခံတစ်ဦးမှ ဓါးဖြင့်
ပြန်လည်ခုခံသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရာ တရားခံ
သေဆုံးခဲ့ကြောင်း သိရသည်။
.
.ပင်လောင်းမြို့နယ်၊ လုံးပိုးကျေးရွာအုပ်စု၊ နောင်ကားခေါင်းကျေးရွာနေ
မောင်ဆန်း သည် ဇန်နဝါရီလ ၇ ရက်၊ နံနက် ၄ နာရီခွဲခန့်က ဦးတင်ဦး ဆိုသူအား အရိုးအသွား
၂၄ လက်မရှိ ဓါးဖြင့် ခုတ်ခဲ့ရာ ဦးတင်ဦးတွင် ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံ သို့ပို့ဆောင်၍
ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ကာ မောင်ဆန်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ဓါးခုတ်မှုနှင့် ပတ်သက်၍ ကျူးလွန်သူ မောင်ဆန်းအား
နောင်တရားနယ်မြေရဲစခန်းတွင် (ပ)၈/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေးအတွက်
နောင်တရားနယ်မြေရဲစခန်းမှူး ရဲအုပ် လွင်အောင်မိုး၊ တီကျစ်နယ်မြေရဲစခန်းမှူး ရဲအုပ်
လှိုင်ဝင်းဟန်နှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် သက်သေများမှ
လိုက်လံရှာဖွေခဲ့ရာ နောင်ကားခေါင်းရွာအနီးရှိ ကြံတောအတွင်း ပုန်းအောင်းနေသည်ကို တွေ့ရှိခဲ့
ရကြောင်း သိရသည်။
.
သို့ဖြစ်၍ ရဲတပ်ဖွဲ့ဝင်များမှ မောင်ဆန်းအား လက်နက်ချ
အဖမ်းခံရန် ပြောဆိုရာ ၎င်းမှ အဖမ်းမခံဘဲ ရဲတပ်ဖွဲ့ဝင် များအား ၎င်းကိုင်ဆောင်သည့်
ဦးတင်ဦးကို ခုတ်ခဲ့သည့် ဓါးဖြင့် တပ်ဖွဲ့ဝင်များအား ပြန်လည်ခုခံသဖြင့် တပ်ဖွဲ့ဝင် များမှ
ခြောက်လှန့်ပစ်ခတ်ခဲ့ပြီးနောက် မောင်ဆန်းမှ အပြင်သို့ ထွက်လာပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးအား
ဓါးဖြင့်ခုတ်ရန် ပြင်စဉ် တပ်ဖွဲ့ဝင်က ၁၂ ဗို့ ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေနတ်ဒဏ်ရာ
ထိမှန်သော်လည်း ရှေ့ဆက်တိုးလာပြီး ထပ်မံခုတ်ရန် ဟန်ပြင်သဖြင့် ၃ ပေခန့်အကွာတွင် တပ်ဖွဲ့ဝင်မှ
ထပ်မံပစ်ခတ်ရာ ရရှိဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“မခုခံရင် ကိုယ့်တပ်ဖွဲ့ဝင်ရဲ့ လူနဲ့ လက်နက်ကို ထိခိုက်မယ့်
အနေအထား ရှိတဲ့အတွက် ပစ်ခတ် လိုက်တဲ့အခါမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတာပါ” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး
ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ဝင်းသိန်း က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မောင်ဆန်း သေဆုံးမှုနှင့် ပတ်သက်၍ သေမှုသေခင်း
ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ပစ်ခတ်ခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်ကိုလည်း ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းအရ
စုံစမ်းစစ်ဆေးရေးခုံရုံး ဖွင့်လှစ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
.