တောင်ကြီးတွင် မူးယစ်ဆေးဝါး သုံးစွဲသူ ၅ ဦးကို ထပ်မံ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် မူးယစ်ဆေးဝါး သုံးစွဲသူ ၅ ဦးကို ထပ်မံ ဖမ်းမိ

မော်မော်

.

တောင်ကြီးမြို့၊ ရွှေတောင်နှင့် ကံသာရပ်ကွက်များတွင် ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက်၊ ညပိုင်းနှင့် ယနေ့ ဇန်နဝါရီလ ၂၆ ရက်၊ နံနက် အစောပိုင်းတို့က မူးယစ်ဆေးဝါး သုံးစွဲသူ ၅ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၅ ရက်၊ ည ၉ နာရီအချိန် ခန့်က မူးယစ်ဆေးဝါး သတင်းအရ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ သီတဂူလမ်းနှင့် ပါရမီလမ်းထောင့်တွင် စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် ပါရမီလမ်းဘက်မှ သီတဂူလမ်းဘက်သို့ ရွှေတောင်ရပ်ကွက်နေ မျိုးမြတ်သူ (ခ) ဗညား မောင်းနှင်ပြီး ယင်းရပ်ကွက်နေ ပြည့်ဖြိုးအောင် (ခ) ကိုမျိုး လိုက်ပါစီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မျိုးမြတ်သူ ဝတ်ဆင်ထားသည့် လက်အိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ပြား၊ တိပ်အမဲဖြင့် ပတ်ထားသော အိတ်ဖြင့် ထည့်ထားသည့် ဘိန်းဆီခဲ ၂ ဒသမ ၅ ဂရမ်ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

အလားတူ ယင်းနေ့ည ၉ နာရီခွဲ အချိန်တွင် တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့သည် တောင်ကြီး မြို့ပေါ်တွင် လှည့်ကင်း ဆောင်ရွက်နေစဉ် ရွှေတောင်ရပ်ကွက်၊ နယ်မြေ (၃) တောင်တန်းရှည်လမ်းပေါ်တွင် လမ်းလျှောက်လာသည့် ယင်းရပ်ကွက်‌နေ မျိုးအောင် ဆိုသူအား စစ်ဆေးရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် ဂျင်းအင်္ကျီ အိတ်ကပ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

ထို့အပြင် ဇန်နဝါရီလ ၂၆ ရက်၊ နံနက်အစောပိုင်း (ည ၁၂ နာရီ ၁၀ မိနစ်) အချိန်ခန့်တွင် တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကံသာရပ်ကွက်၊ စံပယ်လမ်းပေါ်တွင် စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် စံပယ်လမ်းအတိုင်း တောင်မှ မြောက်သို့ တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်နေ အေးမင်းစိုး (ခ) အီဒရစ် မောင်းနှင်ပြီး ကျောင်းကြီးစုရပ်ကွက်နေ ဇော်သူအောင် လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ အေးမင်းစိုး လွယ်ထားသည့် ခါးပါတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူ လက်ဝယ်တွေ့ရှိသူများအား တောင်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အသီးသီး အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက်၊ ညနေပိုင်းကလည်း မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲ/ ရောင်းချသူ ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့သဖြင့် ၂ ရက်အတွင်း ၉ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats