မင်းဇော်မင်း
.
တာချီလိတ်မြို့တွင် မြေယာကျူးကျော်မှုနှင့်ပတ်သက်၍
မြေပိုင်ရှင်၏ နစ်နာဆုံးရှုံးမှုများကို စိစစ်ဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတရုံး၏
အမိန့်နှင့် ညွှန်ကြားချက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက လိုက်နာမှုမရှိဘဲ
ဆန့်ကျင်နေသည်ဟုဆိုကာ မြေပိုင်ရှင်၏ ကိုယ်စားလှယ်များက ယနေ့ ဇန်နဝါရီလ ၁၄ ရက်၊ နံနက်ပိုင်းက
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အဆိုပါ သတင်းစာရှင်းလင်းပွဲကို တာချီလိတ်မြို့၊ J-A
ခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်၊
ညွှန်ကြားချက်အရ တာချီလိတ်မြို့၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ လွယ်စတုံကျေးရွာအနီး
ကွင်းအမှတ် (၈၅၃၆) ရှိ ဒေါ်နန်းခမ်းတစ်ပိုင် မြေ ၉၃ ဒသမ ၁၉ ဧကကို ၁၉၉၈ ခုနှစ်မှ
၂၀၂၈ ခုနှစ်ထိ နှစ် ၃၀ လုပ်ကိုင်ခွင့်ရထားသည့် အပေါ်တွင် ဝင်ရောက်ကျူးကျော်
လုပ်ကိုင်နေသော ကိစ္စအဝဝသည် ရာဇဝတ်မှုကျူးလွန်သူ များဖြစ်ကြောင်း အသိ
ပေးရှင်းလင်းရခြင်းဖြစ်ကြောင်း မြေပိုင်ရှင်၏ ဥပဒေအတိုင်ပင်ခံ ဦးသိန်းထွန်းနှင့်
အထွေထွေ ကိုယ်စားလှယ်လွှဲစာရရှိသူ ဦးယောရှုတို့က ပြောဆိုခဲ့သည်။
.
“ဒီအမှုဟာ မြေယာအငြင်းပွားမှုမဟုတ်ဘဲ၊
မြေယာကျူးကျော်မှုပါ။ Mother Law ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို
ဆန့်ကျင် ဖောက်ဖျက်ပြီး နိုင်ငံတော်သမ္မတရဲ့အမိန့်နဲ့ညွှန်ကြားချက်ကို
လိုက်နာလုပ်ဆောင်မှုမရှိဘဲ ရှမ်းပြည်နယ်အစိုးရနဲ့ ဌာနဆိုင်ရာတွေက
မြေယာကျူးကျော်မှုတွေ လုပ်ကြတာပါ။ မြေပိုင်ရှင်ရဲ့သီးနှံစိုက်ခင်းတွေကို ဖျက်ဆီးတာ၊
မြေယာ တွေကို စီမံကိန်းဆိုပြီး အိမ်ရာတွေဆောက်တာ၊ ကျောက်တောင်တွေဖြိုရောင်းစားတာ၊
လန (၃၉) ထုတ်ပေးတာတွေ ပြုလုပ်ခဲ့တာဖြစ်လို့ အမှုဖွင့်တိုင်ကြားမှုတွေ
ပြုလုပ်ထားသလို အဂတိအဆင့်ဆင့်ကိုလည်း တိုင်ကြားစာတွေ ပို့ထားပါတယ်။ ပြည်နယ်မှာလည်း
သွားရောက်လုပ်ဆောင်ဖို့ရှိပါမယ်” ဟု ဦးသိန်းထွန်းက သတင်းစာရှင်း လင်းပွဲတွင်
ပြောကြားခဲ့သည်။
.
အများပြည်သူအကျိုးအတွက်
အများနှင့်သက်ဆိုင်သောငွေကြေးများ ဖော်ထုတ်ပေးရေး၊ ၂၀၁၆ ခုနှစ်က နိုင်ငံတော် သမ္မရုံး
ညွှန်ကြားချက်အတိုင်း မြေယာကျူးကျော်သူများကို နှင်ထုတ်ပေးရေး၊ တရားမဝင်အဆောက်အဦများအားလုံး
ရှင်းလင်းပေးရေး၊ မြေပိုင်ရှင်၏ နစ်နာဆုံးရှုံးမှုများအားလုံးကို ဥပဒေနှင့်စိစစ် ဆောင်ရွက်ပေးရေးတို့အပါအဝင်
အုပ်ချုပ်ရေး အာဏာအရ ဖြေရှင်းပေးနိုင်စွမ်းမရှိမှုကို တရားရေးအာဏာအရဖြေ ရှင်းပေးနိုင်ရေး
လုပ်ဆောင် နေကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့အတူ အထွေထွေကိုယ်စားလှယ်လွှဲစာရရှိသူ
ဦးယောရှုကလည်း မြေယာကျူးကျော်မှုကို ဥပဒေနှင့်အညီဖြေရှင်း ဆောင်ရွက်ပေးခြင်းမပြုဘဲ
ဥပဒေနှင့်ဆန့်ကျင်ကာ အခြေအမြစ်မရှိ မြေသိမ်းမိန့်ထုတ်ပြန်ခဲ့သည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့်
သက်ဆိုင်ရာပုဂ္ဂိုလ်များအား
နိုင်ငံတော်သမ္မတရုံး၏အမိန့်နှင့်လမ်းညွှန်ချက်များအတိုင်း ဥပဒေနှင့်အညီ လုပ်ဆောင်ရန်လိုကြောင်း
ပြောဆိုခဲ့သည်။
.
အဆိုပါ မြေအား ပြန်လည်သိမ်းဆည်းခဲ့ခြင်းမှာ နိုင်ငံတော်သမ္မတ၏
ဥပဒေနှင့်အညီဖြေရှင်းပေးမှုကို ဆန့်ကျင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည့်အတွက် သိမ်းဆည်းမှုမှာ
အတည်မပြုနိုင်ကြောင်း ၎င်းက ပြောသည်။
.
ယင်းမြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင်
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်
ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၈ (ဆ) နှင့် မြေလပ်၊ မြေလွတ်
၊မြေရိုင်း ဥပဒေ ပုဒ်မ ၂၅/၂၆/၂၇ များဖြင့် အမှုများတိုင်ကြားထားပြီး ဗဟိုနှင့် ပြည်နယ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်များသို့ တိုင်ကြားစာများ ပို့ထားကြောင်း သိရသည်။
.