မင်းဇော်မင်း
.
ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် RCSS
နှင့် TNLA တို့၏ စစ်ရေးပဋိပက္ခများ ယနေ့ ဇန်နဝါရီလ
၅ ရက်၊ နံနက်ပိုင်းတွင် ပစ်ခတ်သံများ မကြားရတော့ဘဲ ငြိမ်သက်သွားပြီး တော့ဆန်ကျေးရွာမှ
တိုက်ပွဲရှောင် ၁၀၉ ဦးသည် တောင်ဘက် ၅ မိုင်ခန့်အကွာရှိ အုံငန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့
ရောက်ရှိခိုလှုံနေကြကြောင်း သိရသည်။
.
“ဒီမနက်တော့ တိုက်ပွဲသံ မကြားရတော့ဘူး။ အထိအခိုက်
များတယ်ကြားတယ်။ မြို့ပေါ်တော့ လူနာတွေ ရောက်လာ တာ မရှိဘူး။ စစ်ရှောင်တွေလည်း မြို့ပေါ်ကို
ထပ်ရောက်လာတာ မတွေ့ရဘူး” ဟု ကျောက်မဲမြို့ စစ်ဘေးရှောင်ကူညီ ရေး ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက
ပြောသည်။
.
အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ RCSS ဆက်ဆံရေးရုံးမှ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက “သီပေါ၊ ကျောက်မဲ၊ နမ္မတူဘက်တွေမှာ
လှုပ်ရှားနေတဲ့ ကျွန်တော်တို့တပ်တွေကို မလိုလားလို့ TNLA က တိုက်ပွဲဆင်လာတာပါ။
ပြီးတော့ ကျွန်တော်တို့တပ်တွေက ရွာတွေထဲမှာ မလှုပ်ရှားဘူး။ ရွာသားတွေကိုလည်း မထိန်းချုပ်ဘူး။
သူတို့ သွားလိုရာ သွား နိုင်အောင် ကူညီပေးနေပါတယ်။ ပန်လော့ဘက်မှာ လက်နက်ကြီးထိတယ် ဆိုတဲ့
ရွာသားတွေ ကိစ္စဆိုရင် ကျွန်တော်တို့ ပစ်တာမဟုတ်ဘူး။ ကျွန်တော်တို့က ရွာတွေထဲ မပစ်ဘူး”
ဟု ပြောကြားခဲ့သည်။
.
ထို့အတူ TNLA ဆက်ဆံရေးရုံးသို့
ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ချေ။
.
ယနေ့ ဒီဇင်ဘာလ ၅ ရက်၊ နံနက်ပိုင်းတွင် ကျောက်မဲဘက်၌
တိုက်ပွဲများ ငြိမ်သက်နေသော်လည်း နမ္မတူမြို့နယ် ဘက်တွင်မူ နံနက် ၆ နာရီခွဲအချိန်မှစ၍
ပန်ချင်ကျေးရွာအုပ်စု၊ ညောင်းဆွယ်၊ နားမတ်၊ ဟွေးဟုန်းကျေးရွာများအနီး တစ်ဝိုက်တွင်
RCSS နှင့် TNLA တို့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး
နံနက် ၉ နာရီခန့်တွင် ပစ်ခတ်သံများ ရပ်စဲသွားကြောင်း သိရသည်။
.
လက်ရှိတွင် နမ္မတူမြို့နယ်၊
မန်စံဘုန်းကြီးကျောင်းတွင် ပန်ချင်အုပ်စုမှ တိုက်ပွဲရှောင် ၇၁ ဦးရောက်ရှိနေပြီး
ကျောက်မဲမြို့ပေါ်ရှိ စစ်ရှောင်စခန်း ၄ ခုတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိနေသဖြင့်
အုမ်တမာဝ်လူမှုကူညီရေး အသင်းနှင့် စေတနာရှင်များမှ
ချက်ပြုတ်ကျွေးမွေးကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
.