.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ အာလူးစိုက်တောင်သူများ စုပေါင်းဖွဲ့စည်းထားသည့် နောင်တရား အာလူးအသင်းအဖွဲ့က ဒေသနှင့် ကိုက်ညီသည့် မာ အာလူးမျိုး ၂၅ တန်ကို တင်သွင်းခဲ့ကြောင်း သိရသည်။
.
“နောင်တရား အာလူးအသင်းကုမ္ပဏီက ဒီနှစ်မှာ နိုင်ငံခြားကနေ ဒေသနဲ့ ကိုက်ညီတဲ့ မာအာလူးမျိုးသစ် ၂၅ တန်ကို စတင် တင်သွင်းတယ်။ အရင်နှစ်တွေတုန်းကတော့ တခြားကုမ္ပဏီမှ ဝယ်တယ်၊ ၂၀၁၅-၂၀၁၆ ခုနှစ်တုန်းက အခွန် ကင်းလွတ်ခွင့်ပေးတော့ နောင်တရားအရောက် တစ်ပိဿာ ကျပ် ၁၇၀၀ ကုန်ကျတယ်။ အခုအခွန် ၁၅ ရာခိုင်နှုန်း ဆောင်ရတော့ နောင်တရားအရောက် တစ်ပိဿာ ၂၅၀၀ ကုန်ကျတယ်၊ အာလူးမျိုးသစ် စိုက်ပျိုးပြီး ထွက်ရှိလာတဲ့ အာလူးတွေကို အအေးခန်းထဲထည့်ပြီး တောင်သူတွေကို ပြန်လည် ဖြန့်ဝေပေးသွားပါမယ်” ဟု နောင်တရားအာလူးအသင်း ဥက္ကဌ ခွန်ဆန်းဦးက ပြောသည်။
.
အာလူးစိုက်ပျိုးသည့် တောင်သူများ ဈေးနှုန်းချိုသာစွာဖြင့် စိုက်ပျိုးနိုင်စေရန်၊ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရရှိစေရန်၊ အထွက်နှုန်းကောင်းစေရန်၊ အာလူးစားသုံးသူများ အနေဖြင့်ကောင်းမွန်ပြီး အရသာ ရှိသည့် အာလူး စားရစေရန်၊ အာလူးကြော် လုပ်ငန်းများအတွက် အရည်အသွေး ကောင်းမွန်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် အာလူးမျိုး တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
.
နောင်တရားမြို့၌ အာလူးစိုက်တောင်သူများ စုပေါင်းကာ အာလူးအအေးခန်းကို တည်ဆောက်လျက် ရှိပြီး မေလ အတွင်း ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အာလူး အအေးခန်း တည်ဆောက် ပြီးစီးပါက အရည်အသွေး ပြည့်မီသည့် အာလူးများကို ဈေးကွက်သို့ တင်ပို့နိုင်ခြင်း၊ အာလူးမျိုးများကို ကြာရှည်ထိန်းသိမ်းနိုင်ခြင်း ၊ နိုင်ငံခြားမှ အာလူးမျိုးများ တင်သွင်းမှု လျော့ကျစေခြင်း၊ အာလူးစိုက် တောင်သူများ ဈေးနှုန်းချိုသာစွာဖြင့် စိုက်ပျိုးနိုင်လာခြင်း စသည့် အကျိုးကျေးဇူးများ ရမည်ဟု သိရသည်။