.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးနှင့် ဟိုပုံးမြို့နယ် တရားရုံး အဆောက်အဦများ တည်ဆောက်ရန် ပန္နက်တင် အခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၃၀ ရက်၊ နံနက်ပိုင်းတွင် ဟိုပုံးမြို့ရှိ ဒေသတရားရုံး မြေနေရာ၌ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ယင်း အခမ်းအနားသို့ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားသူကြီးများ၊ တရားရေး အရာရှိများ၊ ဒေသနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ပြီး ပန္နက် တင်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း၌ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပအိုဝ်း၊ ဓနု၊ ကိုးကန့်၊ ပလောင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ပါဝင်ပြီး ယင်းတိုင်း/ဒေသများ အဆင့်ရှိ တရားရုံးများသည် ခရိုင်တရားမ တရားသူကြီး၏ အာဏာများကို စီရင်ခွင့် ရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အမိန့်ကြော်ငြာစာ (၁၀၃၀/၂၀၂၀) အရ သိရသည်။