ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင်
လာမည့် ဇန်နဝါရီလ ၂၀ ရက်၌ ပြုလုပ်မည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို
ကာကွယ်စောင့်ရှောက်နေသော တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲကို COVID-19
ရောဂါ အခြေအနေများအရ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။
.
.“မနက်ဖြန်လုပ်မယ့် ပွဲအစီအစဉ်ကို ရက်အကန့်အသတ်မရှိ
နောက်ဆုတ်လိုက်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ COVID-19 ဖြစ်ပွားနှုန်း
လျော့ကျနေပေမဲ့ ရှမ်းပြည်နယ်မှာ နည်းနည်း တက်နေတယ်။ နောက်ပြီး ငြိမ်းစုစီ ဥပဒေအရ အစည်း
အဝေး တက်ရောက်မယ့် ၂၉ ယောက်ကိုပဲ ကျွန်တော် အာမခံနိုင်တယ်။ ဝန်းရံသူတွေက ၅၀၀၀ ကျော်လောက်
တက်လာမယ်လို့ သိရတယ်။ အဲဒီ ၅၀၀၀ မှာ ဘယ်သူပိုးရှိမယ်၊ မရှိဘူးဆိုတာ ဆုံးဖြတ်လို့ မရနိုင်ဘူး။
ပြည်သူ့အသက် အန္တရာယ်ကို စိုးရိမ်ပြီး မဖြစ်သင့်မဖြစ်ထိုက်တာ မဖြစ်ရအောင် ရွှေ့ဆိုင်းလိုက်တာပါ”
ဟု ဆန္ဒထုတ်ဖော်ပွဲအား ဦးဆောင်သူ ဦးဝင်းကြည်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဆန္ဒထုတ်ဖော်မှုကို တောင်ကြီးမြို့နယ်၊
ရွှေညောင်မြို့နေ ဦးဝင်းကြည်က ဦးဆောင်ပြီး ၎င်းအပါအဝင် ဦးမြငြိမ်းနှင့်
ဒေါ်လှလှအေးတို့က ၂၀၂၀ ရွေးကောက်ပွဲမှ မဲမသမာမှုများအား တပ်မတော်မှ
စိစစ်ဆောင်ရွက်နေမှုများ ကို ထောက်ခံကြောင်းနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှ
အပ်နှင်းထားသော တာဝန်များကို ပြတ်သားတိကျစွာ ဆောင်ရွက်ပေးရေးတို့အတွက် ဆွေးနွေးဟောပြောရန်
စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဦးဆောင်သူများဖြစ်သည့် ဦးဝင်းကြည်မှာ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်
ဗမာတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်အဖြစ်
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်ပြီး
မဟာဝီရရက္ခိတလူမှုရေးအသင်းဝင်တစ်ဦးလည်းဖြစ်ကာ ဦးမြငြိမ်းနှင့် ဒေါ်လှလှအေးတို့မှာ
အမျိုးသားလုံခြုံရေးလူမှုကွန်ရက် (ဗဟို)မှ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အမျိုးသားရေး အင်အားစုများ၏
တပ်မတော်ထောက်ခံပွဲ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်မှုအား တောင်ကြီးဒေသခံ အချို့၏
ဝေဖန် ပြစ်တင်မှု အများအပြားလည်း ထွက်ပေါ်ခဲ့သည်။
.
ဓါတ်ပုံ - ၂၀၁၉
ခုနှစ်၊ မေလအတွင်းက တောင်ကြီးမြို့တွင် တပ်မတော်ထောက်ခံပွဲ ပြုလုပ်ခဲ့စဉ်
.