ကိုစိုး (ကမ္ဘောဇတိုင်း)
.
COVID-19 အတည်ပြုလူနာများ တွေ့ရှိခဲ့သဖြင့် အသွားအလာ
ကန့်သတ်ထားသည့် တောင်ကြီးမြို့ရှိ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်)
အား ယနေ့ ဇန်နဝါရီလ ၁၈ ရက်မှ စတင်၍ ကန့်သတ်မှုများကို ဖြေလျှော့ ပေးခဲ့ပြီး ဇန်နဝါရီလ
၁၉ တွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ပုံမှန်အတိုင်း တာဝန်ပြန်လည်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း
သိရသည်။
.
.“ဒီနေ့ မနက် ၁၀ နာရီခွဲမှာ Lockdown ဖြည်ပါတယ်။ မနက်ဖြန်မှာ ပုံမှန်အတိုင်းပဲ တာဝန်ပြန်ပြီး ထမ်းဆောင်မှာပါ။ ကျန်းမာရေးအရ
တာဝန်ပြန်ထမ်းဆောင်လို့ ရပါပြီ” ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်)
မှ ဒုရဲမှူး အောင်မိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအနက်
အနံ့ပျောက်သူများရှိကြောင်း သတင်းအရ
ဒီဇင်ဘာလ ၃၀ ရက်တွင် RDT Test Kit ဖြင့် တပ်ဖွဲ့ဝင်
၁၃၃ ဦးအား သွားရောက်စစ်ဆေးပေးရာမှ ပိုးတွေ့လူနာ ၂၂ ဦး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်
ပိုးတွေ့ လူနာအားလုံး ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကာ အချို့မှာ Quarantine ဆက်လက်ဝင်ရောက်နေဆဲဖြစ်ကြောင်း သိရသည်။
.
“သူတို့ နောက်ဆုံး ပိုးတွေ့ခဲ့တာက ၄ ရက်နေ့ကပေါ့။
အဲဒီကနေ ၁၄ ရက် ထပ်ပေါင်းတော့ ဒီနေ့က ရက်ပြည့်ပြီပေါ့။ အဲဒါကြောင့် ဖြေလျှော့ပေးလိုက်တာပေါ့။
ကူးစက်မှုလည်း မရှိတော့ဘူး။ ဆေးရုံဆင်းပြီး Quarantine ဝင်နေတဲ့
အထဲမှာ တချို့လည်း ရက်ပြည့်လို့ ဆင်းသွားပြီ။ တချို့ ကျန်နေပါတယ်” ဟု တောင်ကြီးမြို့နယ်
ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိုးထွန်းက ပြောသည်။
.
အဆိုပါ COVID-19 လူနာများ တွေ့ရှိခဲ့သည့်
အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်) ကို ဒီဇင်ဘာလ ၃၁ ရက်မှ စတင်၍
အသွားအလာကန့်သတ်ထားခဲ့ခြင်းဖြစ်ပြီး ရောဂါ ထပ်မံကူးစက်မှု မရှိတော့သဖြင့် ယနေ့ ဇန်နဝါရီ
လ ၁၈ ရက်တွင် ဖြေလျှော့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.