ပင်လောင်းမြို့နယ်မှ ထွက်ရှိသည့် အရည်အသွေးမြင့် ပြောင်းများကို ဈေးကောင်းပေး ဝယ်ယူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်လောင်းမြို့နယ်မှ ထွက်ရှိသည့် အရည်အသွေးမြင့် ပြောင်းများကို ဈေးကောင်းပေး ဝယ်ယူ

ခွန်အောင် (နောင်တရား)

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း ရေရှည်တည်တံ့ခိုင်မြဲသော အစားထိုးဖွံ့ဖြိုးရေးစီမံကိန်း ဖြင့် စိုက်ပျိုးထားသည့် CP အစေ့ထုတ်ပြောင်းများကို တီကျစ်ကျေးရွာအုပ်စု၊ ဆည်ခေါင်းကျေးရွာရှိ CP ပြောင်းအဝယ် ဌာနမှ ဈေးကောင်းပေး ဝယ်ယူလျက်ရှိကြောင်း သိရသည်။

.

.

“CP ကုမ္ပဏီက တောင်သူတွေကို ပြောင်းမျိုးစေ့နဲ့ မြေဩဇာကို အတိုးမဲ့ ချပေးတယ်။ ပြောင်းစိုက်ပျိုးနည်းပညာ ကိုလည်း ဖြန့်ဝေပေးတယ်။ ပြောင်းစံနှုန်းနဲ့ ပတ်သက်ပြီး အရည်အသွေး တိုးတက်အောင် ရည်ရွယ်ချက်ထားပြီး ရိတ်သိမ်းခြင်းနည်းပညာတွေလည်း ဖြန့်ဝေပေးတယ်။ ပြောင်းဝယ်ယူရေးဌာနကလည်း အပြင်ပေါက်ဈေးနဲ့ကျပ် ၃၀ လောက် ခွာပြီး တောင်သူတွေ အကျိုးအမြတ် ပိုမိုရရှိအောင် ဝယ်ယူပေးပါတယ်” ဟု CP ကုမ္ပဏီမှ အဝယ်မန်နေဂျာ ခွန်ရီသန့်က ပြောသည်။

.

အစေ့ထုတ်ပြောင်းများကို ပြင်ပအဝယ်တော်များက တစ်ပိဿာလျှင် ကျပ် ၃၇၀ ဈေးဖြင့်အမြင့်ဆုံးဝယ်ယူလျက်ရှိပြီး အစားထိုးဖွံ့ဖြိုးရေးပရော့ဂျက်ဒေသမှ ထွက်ရှိသည့် အရည်အသွေးကောင်းမွန်သော ပြောင်းများကို CP ကုမ္ပဏီမှ တစ်ပိဿာလျှင် ၄၀၅ ကျပ်ဖြင့် ဝယ်ယူပေးလျက်ရှိကြောင်း သိရသည်။

.

ပင်လောင်းမြို့နယ်တွင် ယခင်နှစ်ကထက်ပြောင်းစိုက်ပျိုးတောင်သူများ တိုးပွားလာပြီး ပြည်တွင်းဈေးကွက်နှင့် နိုင်ငံခြားဈေးကွက်ရှိသည့်အတွက် ပြောင်းသည် အာမခံချက်ရှိသော သီးနှံဖြစ်လာမည်ဖြစ်ပြီး ပြောင်းကို စိုက်နည်းမှန်မှန်နှင့် အရည်အသွေးကောင်းမွန်အောင် ရိတ်သိမ်းကြရန်လိုကြောင်း ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။

.

တောင်သူတွေတစ်အိမ်ထောင်ကို အနည်းဆုံး ကျပ်သိန်း ၄၀ ရရှိဖို့ အတူတကွလက်တွဲပြီး ရေရှည်တည်တဲ့ခိုင်မြဲတဲ့ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းကို ဆောင်ရွက်ကြမယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုရောက်လာရင်တော့ အောင်မြင်လာမှာပါ” ဟု ပင်လောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်စောအောင် က ပြောသည်။

.

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် မယ့်ဖားလုံဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အစားထိုးဖွံ့ဖြိုးရေးပရော့ဂျက်ဒေသအတွင်း တောင်သူများ တစ်အိမ်ထောင်လျှင် တစ်နှစ် အနည်းဆုံး ကျပ်သိန်း ၄၀ ရရှိရေးအတွက် ရည်ရွယ်၍ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် လျှပ်စစ်မီးရရှိရေး စသည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

.

ပြောင်းမျိုးစေ့နဲ့မြေဩဇာကို အတိုးမဲ့နဲ့ချပေးတယ်။ နည်းပညာလည်းပေးတယ်။ ပြောင်းထွက်ချိန်ကျတော့လည်း အပြင်ပေါက်ဈေးထက် ကျပ် ၃၀ ပိုပေးပြီးဝယ်တယ်။ ကျွန်တော်တို့ဒေသကို ခုလိုကူညီလို့ကျေးဇူးတင်ပါတယ်။ နောက်နှစ်လည်း ပြောင်းပဲ စိုက်ပါမယ်” ဟု ပင်လောင်းမြို့နယ်၊ ဘုရားဖြူကျေးရွာမှ စိုက်ပျိုးရေးတောင်သူ ခွန်ထွန်းကြည် က ပြောသည်။

.

အစားထိုးဖွံ့ဖြိုးရေးပရော့ဂျက်ဒေသဖြစ်သည့် ပင်လောင်းမြို့နယ်၊ မွေးပြင်ကျေးရွာအုပ်စု၊ လွယ်မောကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စု၊ ပေါ့အင်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာပေါင်း ၁၇ ရွာမှ တောင်သူ ၅၀၀ ဦးကို မျိုး‌စေ့၊ မြေဩဇာ၊ စိုက်ပျိုးရေးနည်းပညာနှင့် ပြောင်းအရည်အသွေးကောင်းမွန်အောင်ရိတ်သိမ်းခြင်းနည်းပညာများကို မယ့်ဖါးလုံ ဖောင်ဒေးရှင်း က ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

.


Journal Download

Photo of three cats