ကမ္ဘောဇတိုင်း
.
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နိပွန် ဖောင်ဒေးရှင်း (စေတနာအဖွဲ့) တို့ ပူးပေါင်းဆောက်လုပ်ခဲ့သည့်
တောင်ကြီးမြို့နယ်၊ ဥမင်ကျေးရွာ အခြေခံမူလတန်း (လွန်) ကျောင်း၏ ကျောင်းဆောင်သစ်အား
ယမန်နေ့ ဇန်နဝါရီလ ၈ ရက်က ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ် ခဲ့သည်ဟု သိရသည်။
.
.အဆိုပါ လွှဲပြောင်းပေးအပ်ခဲ့သည့် ကျောင်းဆောင်မှာ
အလျား ပေ ၉၀၊ အနံ ပေ ၃၀ ရှိ RC အမျိုးအစား တစ်ထပ် ကျောင်းဆောင်ဖြစ်ပြီး
လွှဲပြောင်းပေးအပ်ပွဲသို့ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (တောင်ကြီး)မှ
ညွှန်ကြားရေးမှူး၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာကျောင်းအကျိုးတော်ဆောင်များ၊
စေတနာအဖွဲ့မှ ဝန်ထမ်းများ တက်ရောက် ခဲ့ကြောင်း သိရသည်။
.
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်
နိပွန် ဖောင်ဒေးရှင်း (စေတနာ) အဖွဲ့တို့ ပူးပေါင်း၍ “ ငြိမ်းချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပညာသင်ကြားခြင်း စီမံကိန်း " အား ရှမ်းပြည်နယ်တောင်ပိုင်း
အတွင်း အကောင်အထည်ဖော်ဆောင်ရွက် နေခြင်းဖြစ်ပြီး ယင်းစီမံကိန်းမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်
တောင်ကြီး ခရိုင်အတွင်းရှိ ၈ မြို့နယ်နှင့် လွိုင်လင်ခရိုင်မှ ၂ မြို့နယ်တို့တွင် ကျောင်းဆောင်သစ်
၁၀ ဆောင် ဆောက်လုပ်ခြင်း၊ ကျောင်း ၅ ကျောင်း ပြုပြင်မွမ်းမံခြင်းတို့ကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း
သိရသည်။
.
အလားတူကျောင်းဆောင်သစ် ဆောင်ရွက်ပြီးစီးခဲ့သည့်
ရွာငံမြို့နယ်မှ ရေဦး (အထက) (၉၀ x ၃၀) ပေ တစ်ထပ်၊
ဖယ်ခုံမြို့နယ်မှ စလောင်း (အလက) (၉၀ x ၃၀) ပေ တစ်ထပ်၊
ပင်လောင်းမြို့နယ်မှ မြင်းတွင်းမူလွန်ကျောင်း (၁၂၀ x ၃၀) ပေ
တစ်ထပ်၊ ရပ်စောက်မြို့နယ်မှ (အုံးကွဲ) အထကခွဲ တစ်ထပ်ကျောင်းဆောင်များကိုလည်း သက်ဆိုင်ရာ
ပညာရေးမှူးများထံသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.