ကိုစိုး (ကမ္ဘောဇတိုင်း)
.
မကြာမီ ကျင်းပမည့် လွှတ်တော်အစည်းအဝေးများ၏ အနေအထား အခင်းအကျင်းပေါ် မူတည်၍
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဖွဲ့စည်းရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး
လက်ရှိတွင် ညှိနှိုင်းဆွေးနွေးထားမှု မရှိသေးကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ
(PNO) ဥက္ကဋ္ဌ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ
ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က ပြောဆိုခဲ့သည်။
.
.
“လွှတ်တော်စပြီးမှ လွှတ်တော်ရဲ့ အနေအထားပေါ်မူတည်ပြီး ပြောလို့ရမှာပေါ့။ ပြည်ထောင်စုအစိုးရ၊
ပြည်နယ်အစိုးရ ဖွဲ့တဲ့ကိစ္စတွေပြီးမှ ဒေသဦးစီးဖွဲ့ဖို့ကိစ္စ လာမှာပေါ့။ လွှတ်တော်ကိုယ်စားလှယ်နဲ့
ပါတီအဖွဲ့တွေ ညှိနှိုင်းတိုင်ပင်ပြီးမှပဲ အခင်းအကျင်းပေါ်မှာမူတည်ပြီး ဆက်သွားရမှာပေါ့။
ဒေသဦးစီး အဖွဲ့ထဲမှာပါတဲ့ တိုင်းရင်းသားကိုယ်စားလှယ် နေရာတွေအတွက်လည်း သက်ဆိုင်ရာ လွှတ်တော်
ကိုယ်စားလှယ်တွေက ရွေးချယ်ဆောင်ရွက်သွားမှာပါ။ ဆွေးနွေးညှိနှိုင်းထားတဲ့အနေအထား မရှိသေး
ပါဘူး” ဟု ဦးခွန်စံလွင်က ပြောသည်။
.
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO)
သည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလက
ရှမ်းပြည်နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ် ၃ ခု အပါအဝင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃ နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁ နေရာနှင့်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ နေရာ အနိုင်ရရှိထားသော နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။
.
၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၅)၊ ပုဒ်မ ၂၇၆ (ဃ)
တွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို
ယင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များမှ ရွေးကောက်ခံ
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သား လွှတ်တော်
ကိုယ်စားလှယ်များ၊ ယင်းကိုယ်စားလှယ်များက ရွေးချယ်ဖြည့်စွက်ခန့်ထားသည့် ကိုယ်
စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအနက်
သင့်လျော်သူ တစ်ဦးအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌအဖြစ်
ရွေးချယ်ရမည် ဖြစ်ကြောင်း ပြဌာန်းဖော်ပြထားသည်။
.
ထို့အပြင် အဆိုပါ ရွေးချယ်ထားသည့် ဒေသဦးစီး ဥက္ကဋ္ဌ၏ အမည်စာရင်းကို
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတထံ
တင်ပြပြီး နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းလာသည့် ပုဂ္ဂိုလ် အား သက်ဆိုင်ရာ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးရမည်ဖြစ်ကြောင်း
ယင်းပုဒ်မတွင် ပြဌာန်းထားသည်။
.