မိုင်းပန်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ဆွေးနွေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းပန်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ဆွေးနွေး

မင်းဇော်မင်း

.

လင်းခေးခရိုင်၊ မိုင်းပန်မြို့ရှိ မြို့မအလယ်တန်းကျောင်းခွဲတွင် ယနေ့ ဇန်နဝါရီလ ၅ ရက်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။

.



.

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ၃ ကြိမ်၊ နည်းဥပဒေကို ၂ ကြိမ် ဖြည့်စွက်၊ အစားထိုး၊ ပယ်ဖျက်ခဲ့ခြင်းများကြောင့် အဆိုပါ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာ‌ရေးဝန်ထမ်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အုပ်ချုပ်ရေး ယန္တရားနှင့် အဆိုပါဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းစေရန် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း မိုင်းပန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ထံက သိရသည်။

.

“အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်တဲ့ ထွေအုပ်ရဲ့ Time Frame ရေးဆွဲထားတဲ့အပေါ် အခုလို အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ရာမှာ မြို့နယ်အဆင့် ဌာနဆိုင်ရာများရဲ့ အကူအညီရယူရမှာ ဖြစ်လို့ သူတို့ကိုယ်တိုင်လည်း ပြင်ဆင်ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေကို သိရှိပြီး အထောက်အကူဖြစ်စေဖို့ ရည်ရွယ် ပါတယ်” ဟု ဦးစိုးမင်းထက်က ပြောသည်။

.

အလုပ်ရုံဆွေးနွေးပွဲတွင် ယခင် ရွေးချယ်မှုများ ပြုလုပ်စဉ်က ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများ၊ အခက်အခဲများကို အုပ်စု ၃ စုဖြင့် ဆွေးနွေးအဖြေရှာ ဖြေရှင်းနည်းများကို အကြံပြုချက်များဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

“ဥပဒေ၊ နည်းဥပဒေ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ရွေးချယ်တဲ့ ဆန္ဒမဲလက်မှတ်ပုံစံနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့ လျှို့ဝှက်ဆန္ဒမဲလက်မှတ်ပုံစံ မပါရှိတဲ့အတွက် အခက်အခဲများစွာ ရှိခဲ့ပါတယ်။ ပုဒ်မ ၅ ပါ အရည်အချင်းထဲက ပယ်ဖျက် ထားတဲ့ ပညာရည်အချင်း အသင့်အတင့်ရှိတဲ့သူနဲ့ စားဝတ်နေရေး ဖူလုံရမယ် ဆိုတဲ့အချက်တွေက ကျွန်တော်တို့ ရပ်/ကျေးစာရေးတွေ အများဆုံး ဖြေရှင်းနေရတဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေးမှူး သက်တမ်း ၂ ကြိမ်ထက် ကျော်လွန်ရွေးချယ်ခံပိုင်ခွင့် မရှိတဲ့ကိစ္စမှာ အုပ်ချုပ်ရေးကို စိတ်ဝင်စားပြီး ပြည်သူကလည်း ကြိုက်တဲ့သူ၊ ကျန်းမာရေး ကောင်းမွန်တဲ့သူ ဆိုရင် ဆက်လက်လုပ်ကိုင်ခွင့်ရဖို့ ပြင်ဆင်ပေးသင့်တယ်လို့ အကြံပြုလို ပါတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ စိုင်းဟံနွံက ပြောသည်။

.

မိုင်းပန်မြို့နယ်တွင် ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၀ အုပ်စု၊ အိမ်ထောင်စု ၃၅၀၃ စု၊ လူဦးရေ ၁၅၃၀၅ ဦး နေထိုင်လျက်ရှိကြောင်း မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များအရ သိရသည်။

.


Journal Download

Photo of three cats