မင်းဇော်မင်း
.
လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် စက်မှုကုန်ကြမ်း
ရာသီသီးနှံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးအတွက် တောင်သူများ တောင်းဆိုနေသည့် မြေလွတ်မြေရိုင်း
၈၂ ဧကအား ဇန်နဝါရီလ ၄ ရက်က လုပ်ပိုင်ခွင့် ချထားပေးခဲ့ကြောင်း သိရသည်။
.
.မိုင်းပန်မြို့နယ်၊ နမ့်တိန်းကျေးရွာအုပ်စုရှိ မြေလွတ်မြေရိုင်းများအား
တောင်သူ ၅၂ ဦး လက်ဝယ်သို့ လုပ်ပိုင်ခွင့်ပြုမိန့် ပုံစံ ၁၁ (က) များ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“တောင်သူတွေက လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက သူတို့ဘိုးဘွား
စိုက်ပျိုးမြေတွေကို တရားဝင် လုပ်ပိုင်ခွင့်ရဖို့ တောင်းနေခဲ့တာ။ နောက်ပိုင်း တပ်ရင်းတစ်ရင်း
လာဖွင့်တော့ တပ်ပိုင်မြေဆိုပြီး လုပ်ပိုင်ခွင့် မရခဲ့ကြဘူး။ ဒီနောက်ပိုင်း မြို့နယ်၊
ခရိုင်မြေယာစီခန့်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဒီမြေကို စိစစ်တော့ တပ်ပိုင်မြေထဲ
မပါဘူးဆိုတာ သိရပြီး အခုလို သက်ဆိုင်ရာဌာနတွေရဲ့ ခွင့်ပြုမိန့် ရရှိခဲ့ကြတာဖြစ်ပါတယ်”
ဟု မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်က
ပြောသည်။
.
အဆိုပါ မြေယာလုပ်ပိုင်ခွင့် ပေးအပ်ပွဲကို ၇၃ နှစ်မြောက်
လွတ်လပ်ရေးနေ့တွင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး လုပ်ပိုင်ခွင့် ရရှိသည့် တောင်သူများနှင့်
ဥပဒေပါ စည်းကမ်းချက်များ၊ စိုက်ပျိုးသီးနှံများ စိုက်ပျိုးမည့် အစီအစဉ်တို့ကို အသေးစိတ်
ဆွေးနွေးခဲ့ကြကြောင်း မိုင်းပန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ထံက သိရသည်။
.
“ဥပဒေပါ အချက်တွေကို လိုက်နာဖို့ ခွင့်ပြုမိန့်ပါ။
နှစ်ပေါင်း ၃၀ ပြည့်မီပြီးနောက်မှာ လယ်ယာမြေ ပုံစံ (၇) ဆက်လက် ရရှိနိုင်ပါပြီ” ဟု
ဦးစိုးမင်းထက်က ပြောသည်။
.
ရှမ်းပြည်နယ် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီမှ
ထုတ်ပေးသည့် ခွင့်ပြုမိန့်တွင် အချက် ၁၃ ချက် ပါရှိပြီး ခွင့်ပြုမြေတွင် ရာသီသီးနှံ
စိုက်ပျိုးမှုအတွက်သာ အသုံးပြုရန်၊ အခြားသီးနှံများကို အနှောင့်အယှက် မဖြစ် စေရန်၊
အခြားလုပ်ငန်းများ မလုပ်ကိုင်ရန်၊ ပြောင်းလဲလိုပါက ကြိုတင်ခွင့်ပြုမိန့် ရယူရန် စသည့်အချက်များ
ပါဝင်ကာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်က ပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၉)၊ ဆုံးဖြတ်ချက်
၅ (ဂ) အရ ထုတ်ပေးခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။
.
#KBZTai #Shan #News #MinZawMin
.