ကမ္ဘောဇတိုင်း
.
မြန်မာ့ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှုကို
ကြန့်ကြာစေရန်အလို့ငှာ မည်သို့သောကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို ဆန့်ကျင်ကန့်ကွက်ကြောင်း
မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းများက ယနေ့ ဇန်နဝါရီလ ၂၉ ရက်၊ နံနက်ပိုင်းတွင်
ပူးတွဲကြေညာချက် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်အသွင်ကူးပြောင်းရေးနှင့်နိုင်ငံတော်အတွင်း
ငြိမ်းချမ်းရေးနှင့်ဖွံ့ ဖြိုးရေး မြှင့်တင်နိုင်ရန် ကြိုးပမ်းအားထုတ်နေမှုကို
အားပေးထောက်ခံကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်တွင် လွှတ်တော်အသစ် စတင်ရေးနှင့်
သမ္မတသစ်တစ်ဦး ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းစဉ်ကို
ငြိမ်းငြိမ်းချမ်းချမ်းဆောင်ရွက်နိုင်ရေးအတွက် မျှော်လင့် ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သော
ရွေးကောက်ပွဲတွင် ပါဝင်ခဲ့မှုအတွက် မြန်မာနိုင်ငံသားများကို ဂုဏ်ယူဝမ်းမြောက် ကြောင်းနှင့်
တပ်မတော်နှင့် နိုင်ငံအတွင်းရှိအခြားသော လူပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံးအနေဖြင့်
ဒီမိုကရေစီ စံနှုန်းများကို လိုက်နာ စောင့်ထိန်းကြပါရန် တိုက်တွန်းပါကြောင်း အဆိုပါ
ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
ထို့အပြင် ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲရန်
သို့မဟုတ် မြန်မာ့ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေရန် မည်သည့်ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို
ဆန့်ကျင်ကန့်ကွက်ပါကြောင်း၊ မြန်မာနိုင်ငံသားများအတွက် ပိုမိုကောင်းမွန် သော
ဒီမိုကရက်တစ်လွတ်လပ်မှု၊ အဓွန့်ရှည်တည်တံ့သောငြိမ်းချမ်းမှု နှင့် အားလုံးပါဝင်သော
သာယာဝပြောမှုအတွက် ရှေ့ရှုလုပ်ဆောင်နေကြသူအားလုံးကို မိမိတို့ ထောက်ခံပါကြောင်း ဖော်ပြထားသည်။
.
အဆိုပါ ပူးတွဲကြေညာချက်ကို မြန်မာနိုင်ငံအခြေစိုက်
သံတမန်အဖွဲ့အစည်းများဖြစ်သော သြစတြေးလျ၊ ကနေဒါ၊
မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်
နိုင်ငံများ၏သံရုံးများ - ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ဆွစ်ဇာလန်၊
ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင် - ဆွစ်ဇာလန်၊ ယူကေ၊
အမေရိကန်၊ နော်ဝေနှင့် နယူးဇီလန်နိုင်ငံ ဆိုင်ရာသံရုံးများမှ ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်က
ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍
မဲမသမာမှုပြုနိုင်သည်ဟုဆိုကာ ဖြေရှင်းပေးရန် တပ်မတော်နှင့် နိုင်ငံရေးပါတီအချို့မှ
တောင်းဆိုမှုများ ရှိနေပြီး နေပြည်တော်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်အချို့တွင်လည်း
ဆန္ဒထုတ်ဖော်မှုများ ရှိနေကြောင်း သိရသည်။
.