မင်းဇော်မင်း
.
ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာပါက ဖျက်ပစ်ရမည်ဖြစ်ကြောင်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်ဟု
သိရသည်။
.
.နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိများနှင့်
သင်တန်းသား အရာရှိများအား ဇန်နဝါရီလ ၂၇ ရက်က Video Conferencing ဖြင့် မိန့်ခွန်းပြောကြားစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း
ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
.
“ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother
Law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစား လိုက်နာဖို့ လိုတယ်လို့
ပြောလိုတယ်။ ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။
ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။ ဒီဥပဒေကို
မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
တော်လှန်ရေးကောင်စီအစိုးရ တက်လာချိန်တွင် ၁၉၄၇ အခြေခံဥပဒေကို
ဖျက်သိမ်းခဲ့သလို နဝတအစိုးရ တက်လာချိန်တွင်လည်း ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို
ဖျက်သိမ်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆက်လက်ပြောဆိုထားသည်။
.
“အခု ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက
တရားဝင်ရှိနေတဲ့ဥပဒေ၊ တည်ဆဲဥပဒေ။ ဒါဟာ နိုင်ငံရေးမှာ အင်မတန် အရေးကြီးတဲ့ အခြေခံအကြောင်းတစ်ခု
အနေနဲ့ မင်းတို့ကို ပြောလိုတယ်။ ပြီးပြီးရော လုပ်လို့မရဘူး။ ဒါကြောင့် ဥပဒေ အသိ
မင်းတို့ခေါင်းထဲမှာရှိနေဖို့လိုတယ်။ ဥပဒေအမြင်
မင်းတို့ခေါင်းထဲမှာရှိနေဖို့လိုတယ်” ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။
.
တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည်ဟူ၍ ထပ်မံပြောဆိုထားပြီး ဥပဒေပါ
အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်များကို လိုသလိုဖွင့်ဆို၍မရကြောင်း တပ်ချုပ်က ပြောသည်။
.
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့်
သတင်းစာရှင်းလလင်းပွဲ၌ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်
ဇော်မင်းထွန်းက တပ်မတော် အနေဖြင့် အာဏာမသိမ်းဟု မှတ်ယူ၍ မရကြောင်း ပြောဆိုခဲ့ပြီးနောက်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ ထပ်မံပြောဆိုခဲ့ခြင်းဖြစ်သည်။
.