ငြိမ်းသူ
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊
ယကြီးကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေများဖြင့်
ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
.
.ယင်း ယကြီးကျေးရွာ ဘက်စုံသုံးခန်းမမှာ အလျား ၈၀ ပေ၊
အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ RC တစ်ထပ် အဆောက်အဦ ဖြစ်ပြီး မြစိမ်းရောင်စီမံကိန်းမှ
အတိုးရငွေ ကျပ် ၁၀ သန်းနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၁၂ သန်း၊ စုစုပေါင်း ငွေကျပ်
၂၂ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများ၏ နည်းပညာအကူအညီ
ရယူကာ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်နေမှုအခြေအနေများကို
ယနေ့ ဇန်နဝါရီလ ၁၀ ရက် နံနက်ပိုင်းက ရွာငံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန
မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက် နှင့်ဝန်ထမ်းများမှ
ကျေးရွာမြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှု့စစ်ဆေးပြီး
လုပ်ငန်းအချိန်မီ ပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီရေး
အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
.
ယကြီးကျေးရွာတွင် အိမ်ခြေ ၃၈၅ အိမ်၊ လူဦးရေ ၁၇၁၈
ဦး ရှိပြီး အဆိုပါ ဘက်စုံသုံးခန်းမ တည်ဆောက်ပြီးစီးပါက ကျေးရွာလူထုများ၏ လူမှုရေး၊
ဘာသာရေး စသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေမည် ဖြစ်ကြောင်း သိရသည်။
.