ကျောက်မဲမြို့နယ်၊ တော့ဆန်ဘက်တွင် ပစ်ခတ်သံများ ရပ်စဲသွားသော်လည်း စစ်ရေး တင်းမာနေဆဲ ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့နယ်၊ တော့ဆန်ဘက်တွင် ပစ်ခတ်သံများ ရပ်စဲသွားသော်လည်း စစ်ရေး တင်းမာနေဆဲ ဖြစ်

မင်းဇော်မင်း

.

 

ကျောက်မဲမြို့ အနောက်ဘက် မိုင် ၃၀ ခန့်အကွာရှိ တော့ဆန်ကျေးရွာအုပ်စုဘက်တွင် RCSS နှင့် TNLA တို့ ဇန်နဝါရီလ ၃ ရက် ညပိုင်းနှင့် ဇန်နဝါရီလ ၄ ရက် နံနက် ၁၁ နာရီခန့်အထိ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ယနေ့ နေ့လယ် ၁၂ နာရီခန့်က စတင်၍ အသံများ ရပ်စဲသွားသော်လည်း စစ်ရေးတင်းမာနေဆဲ ဖြစ်သဖြင့် ရွာသူရွာသားများ အနီးကျေးရွာရှိ ဘုန်းကြီးကျောင်းများတွင် စုရုံးနေကြရကြောင်း သိရသည်။

.

“ ကျွန်တော်တို့က ကြားထဲမှာ ရောက်နေတာ ဖြစ်ပြီး ပိတ်မိနေတာပေါ့၊ ဘုရားကုန်းနဲ့ ရွာထဲ အပြန်အလှန် ပစ်နေကြတာ၊ ရွာသားတွေက ကျည်လမ်းကြောင်းရဲ့ အလယ် တည့်တည့်မှာ ရောက်နေတာ၊ ဘယ်လိုမှ ထွက်လို့ မရဘူးဝပ်နေကြရတာ၊ ကျည်ဆံတွေက ခေါင်းပေါ်ကနေ ဖြတ်ဖြတ် ပြေးနေကြတာ၊ လက်နက်ကြီးတွေရော ဖြစ်နိုင်ရင် ကျွန်တော်တို့ ပိတ်မိနေတာကို အကူအညီ တောင်းပေးစေချင်တယ်။”ဟု တော့ဆန်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

.

ဇန်နဝါရီလ ၄ ရက်နံနက် ၆ နာရီက နှစ်က် ပစ်ခတ်မှုများ ပြင်းထန်ခဲ့ပြီး စစ်အင်အားများ ဖြည့်တင်းနေကာ ယင်း တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ နေအိမ်များအတွင်း ပုန်းခိုနေကြရကြောင်း သိရသည်။

.

ညနေ ၄ နာရီအထိ ရရှိသည့် သတင်းများအရ ကျောက်မဲမြို့ပေါ်သို့ ဆွေမျိုးရှိသူများ ပြေးရှောင်လာမှုများ ရှိနေသော်လည်း စစ်ရှောင်စခန်းများသို့ သတင်းပို့မှု ရှိခြင်းနှင့် တော့ဆန်ရွာမ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် ၂၀၀ ခန့် ရှိနေသော်လည်း မြို့ပေါ်သို့ စစ်ရှောင်ရန် လာရောက်ခြင်း ရှိ/မရှိ အခြေအနေ မသိရသည့်အတွက် လိုအပ်သည်များ ကူညီထောက်ပံ့နိုင်ရန်နှင့် သွားရောက် ခေါ်ယူနိုင်ရေး အသင့်ပြင် စောင့်ကြည့်နေသည်ဟု ကျောက်မဲမြို့ စစ်ရှောင်ကူညီထောက်ပံ့ရေးကော်မတီ ဥက္ကဌ ဦးတင်မောင်သိန်းထံမှ သိရသည်။

.

သူတို့က ၂ ခါလောက် စစ်ရှောင်ဖူးတော့ အတွေ့အကြုံအရ သူတို့တွေ ထွက်လာခွင့် မရတာလား၊ အခြေအနေ မပေးတာလားတော့ မသိဘူး၊ ဒီမှာတော့ သတင်း နားထောင်ရင်း အားလုံး ပြင်ဆင်ထားတယ်။”ဟု ဦးတင်မောင်သိန်းက ပြောသည်။

.

ထို့အတူ စစ်ရှောင်ကူညီရေးကော်မတီဝင် တစ်ဦးဖြစ်သည့် ဦးသားဇော်ကလည်း တော့ဆန်မှ အနောက်ဘက် ၁၅ မိုင်ခန့် ဝေးသည့် မင်းကုန်းဘက်ကပင် လက်နက်ကြီးသံများ တစ်ညနှင့် တစ်နေ့လုံး ကြားနေခဲ့ရပြီးနောက် ယနေ့ မွန်းလွဲပိုင်းတွင် ညောင်မောင်းဘက်တိုက်ပွဲသံများ ကြားရကြောင်း ပြောသည်။

.

အဆိုပါ တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေများနှင့် ပတ်သက်၍ RCSS နှင့် TNLA တို့၏ ဆက်ဆံရေးရုံးများသို့ ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ချေ။

.

ကျောက်မဲမြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း RCSS နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားမှု ၁၁ ကြိမ်နှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ  ၄ ရက်အထိ ကြိမ်၊ စုစုပေါင်း အကြိမ် ၂၀ ကျော် ဖြစ်ပွားခဲ့ကြောင်း နှစ်ဘက် အဖွဲ့များ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

.

Journal Download

Photo of three cats