ရပ်စောက်မြို့နယ်၊ ကောင်းဘို့တိုက်နယ်ဆေးရုံ ဆောက်လုပ်ရန်အတွက် ဒေသခံတစ်ဦးမှ ကာလတန်ကြေး သိန်း ၂၀၀၀ ခန့် တန်ဖိုးရှိ မြေကွက်လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်မြို့နယ်၊ ကောင်းဘို့တိုက်နယ်ဆေးရုံ ဆောက်လုပ်ရန်အတွက် ဒေသခံတစ်ဦးမှ ကာလတန်ကြေး သိန်း ၂၀၀၀ ခန့် တန်ဖိုးရှိ မြေကွက်လှူဒါန်း

စုလှိုင်

.

တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ ကောင်းဘို့ကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံ ဆောက်လုပ်နိုင်ရေးအတွက် ဒေသခံတစ်ဦးမှ ကာလတန်ကြေး သိန်း ၂၀၀၀ ခန့် တန်ဖိုးရှိ မြေကွက် လှူဒါန်းခဲ့ကြောင်း သိရသည်။

.

.

“ပြီးခဲ့တဲ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ကြယ်ပွင့်ပြမေးခွန်း မေးတယ်။ မေးတဲ့ အချိန်မှာ အစိုးရက တည်ဆောက်ပေးမယ်လို့ ပြောထားတဲ့ကတိရှိတယ်။ အဲဒီအတွက် မြေနေရာကို အခုမှရရှိတာပါ”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ကောင်းဘို့ကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံ တည်ဆောက်ရန်အတွက် ရပ်စောက်မြို့နေ အလှူရှင် ဦးအောင်စိုး က အောင်ပန်း-ရပ်စောက် ကားလမ်းဘေးရှိ ကာလတန်ဖိုး ငွေကျပ် သိန်း ၂၀၀၀ ခန့် တန်ကြေးရှိသော မြေ ၄ ဧကကို လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထိုသို့ လှူဒါန်းနိုင်ရန် အလှူရှင် ဦးအောင်စိုးက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်ထံ ဆက်သွယ် လာခဲ့သည့်အတွက် ရပ်စောက်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ကောင်းဘို့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာအကြီးအကဲများမှ သွားရောက်လက်ခံရယူပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ပြည်ထောင်စုအစိုးရက ကတိကဝတ် ပြုပြီးသားဖြစ်တဲ့အတွက် ရှေ့လာမယ့် ဘဏ္ဍာနှစ်အတွင်းမှာ ဆောက်လုပ်ဖို့ ပါလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဦးဇော်မင်းလတ်က ဆက်လက်ပြောဆိုခဲ့သည်။

.

ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ ကောင်းဘို့ ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် ပြီးခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ရပ်စောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမြန်ဆုံးရရှိအောင် လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားထားသည်။

.

ကောင်းဘို့ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၇၅ ရွာ၊ အိမ်ခြေ ၇၂၀၀ ကျော်၊ လူဦးရေ ၃၃၀၀၀ ကျော် ရှိပြီး ယင်း ကောင်းဘို့ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးပါက လူဦးရေ ၂၅၆၀၀ ကျော်တို့၏ ကျန်းမာရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats