မင်းဇော်မင်း
.
မူဆယ်မြို့နယ်၊ မူဆယ်-မန့်ဝိန်း နယ်စပ်ဂိတ်ကို ၂၀၂၁
ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်မှ ၁၄ ရက်အထိ ၁၀ ရက်ကြာ ၂၄ နာရီ စမ်းသပ် ဖွင့်လှစ်
သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဌာနဆိုင်ရာများ၊
ရွှေလီပြည်သူ့အစိုးရ ခေါင်းဆောင် Mr Yang Shiyong ဦးဆောင်သည့်
နယ်ခြားကော်မတီဝင်များ ဇန်နဝါရီလ ၂ ရက်က မူဆယ် ရွှေနန်းတော်ဂိတ် ခန်းမတွင် တွေ့ဆုံစဉ်
ယင်းကဲ့သို့ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ကြောင်း မူဆယ်ခရိုင်အထွေထွေအုပ်ချုုပ်ရေးမှူး
ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်း ထံက သိရသည်။
.
“မန့်ဝိန်းဂိတ်ကို စမ်းသပ်မှု အဆင်ပြေရင်
အခြားဂိတ်တွေ ဖွင့်ပေးဖို့လည်း အစည်းအဝေးမှာ တစ်ဘက်ကို တောင်းဆို ထားပါတယ်။
သစ်သီးရာသီကာလမျိုးဆို ကားအဝင်အထွက်များတာ ဖြစ်လို့ နိုင်နိုင်နင်းနင်း
ထိန်းချုပ်နိုင် စွမ်း ရှိဖို့ ဒီဖက်ကလည်း အဖွဲ့တွေခွဲပြီး နေ့ရောညပါ တာဝန်ယူဖို့
စီစဉ်ထားပါတယ်” ဟု ဦးမောင်မောင်သန်းက ပြောသည်။
.
မန့်ဝိန်းဂိတ် ၂၄ နာရီစမ်းသပ်ကာလ ၁၀ ရက်ကို COVID-19
ရောဂါ ကာကွယ်ထိန်းချုပ်သည့် နှစ်နိုင်ငံစည်းကမ်းချက် များနှင့်အညီ
ယာဉ်မောင်းဖလှယ်ရေးကိစ္စကို အထူးတင်းကြပ်စွာဆောင်ရွက်ရန် နှစ်နိုင်ငံမှ
ကြိုတင်ပြင်ဆင် တာဝန်ယူကြရမည်ဖြစ်ကြောင်းနှင့် စမ်းသပ်မှုအဆင်ပြေပါက အခြားနယ်စပ်ဂိတ်များဖြစ်သည့်
ဆင်ဖြူဂိတ်၊ ကျင်စန်းကျော့ဂိတ်၊ ဝမ်တိန်ဂိတ် များလည်း တိုးချဲ့ဖွင့်လှစ်နိုင်ရန်
ဆွေးနွေးကြကြောင်း သိရသည်။
.
အဆိုပါ ညှိနှိုင်းသဘောတူညီချက်အရ
မြန်မာနိုင်ငံဖက်မှ ရေထွက်ကုန်များနှင့် လယ်ယာထွက်သစ်သီးဝလံများ လျှင်မြန်စွာပို့ဆောင်နိုင်ကြတော့မည်ဖြစ်ကြောင်းသိရသည်။
.
“သစ်သီးကားလမ်းကြောင်းဂိတ်တော့ မဟုတ်ပေမဲ့
ကုန်ခြောက်ကားတွေ သစ်သီးလမ်းကြောင်းဖက် မတိုးတော့ရင်
ကုန်စည်ပို့ဆောင်ရေးမြန်ဆန်လာတော့မှာပါ။ ဖရဲရာသီက လာမယ့် ၅ လပိုင်းအထိ ဆိုတော့
ဝယ်လိုအားနည်းပေမဲ့ အတက်ကားများလာရင် ခုလို ၂၄ နာရီဖွင့်ပေးထားမယ်ဆိုရင်
ကြန့်ကြာမှုသက်သာလာမှာဖြစ်လို့ စရိတ်တွေ ကျလာမှာဖြစ်လို့ ဒီသတင်းကို
ဝမ်းသာစွာကြိုဆိုကြပါတယ်” ဟု မူဆယ်ခရိုင်သစ်သီးဝလံကုန်စည်ဒိုင်ဒုဥက္ကဌ
ခွာညိုသစ်သီးပွဲရုံမှ ဦးစိုင်းခင်မောင်က ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
အလားတူ မန္တလေးအခြေစိုက်
ငါးရှဉ့်နှင့်ရေထွက်ကုန် ကုန်စည်ဒိုင်မှ ဒုဥက္ကဌဖြစ်သူ ဦးတိုင်းကျော်ကလည်း ယခုလို
မန့်ဝိန်းဂိတ်အား ၂၄ နာရီဖွင့်လှစ်သည်ကို ကြိုဆိုသည့်အပြင်
ငါးရှဉ့်နှင့်ရေထွက်ကုန်များ ကုန်တင်ပို့မှု မြန်ဆန်လာနိုင်သဖြင့် ကုန်သွယ်မှု
အဆင်ပြေကာ အခက်အခဲများ ဖြေလျှော့လာနိုင်မည်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
.
“၂၄ နာရီဖွင့်သလို ရှန်တိန်မောင်းတဲ့ တစ်ဆင့်ခံကားသမား
တိုးရေကို ယာဉ်စီးရေ နဲ့ကိုက်ပြီး တိုးပြီးလုပ်ဆောင် ပေးနိုင်ဖို့၊ မြန်မာဘက်က
ကုန်ကားသမားတွေ ကာကွယ်ဆေးထိုးပြီး လက်ခံဖို့ တွေ လုပ်ပေးနိုင်ရင်ပိုကောင်းမယ်လို့
အကြံပြုပါတယ်” ဟု ဦးတိုင်းကျော်က ပြောဆိုခဲ့သည်။
.
လက်ရှိတွင် မူဆယ်(၁၀၅)ကုန်သွယ်ရေးဇုန်မှ
မြန်မာနိုင်ငံမှ ပို့ကုန်များကို မန့်ဝိန်းဂိတ်၊ ကျင်စန်းကျော့ဂိတ်၊ ဝမ်တိန်၊
ပန်ဆိုင်းဂိတ်များမှတစ်ဆင့် တင်းကြပ်သော COVID-19 ရောဂါစည်းများနှင့်
နေ့စဉ် နံနက် ၆ နာရီခွဲမှ ည ၁၀ နာရီ အထိသာ ဂိတ်ဖွင့်ဆောင်ရွက်ခဲ့သဖြင့်
မြန်မာ့ပို့ကုန်များအချိန်နှောင့်နှေးမှုများကြောင့် ပုပ်သိုးရက်လွန်ဆုံးရှုံးမှုများ
ပေါ်ပေါက်နေလျက်ရှိကြောင်း သိရသည်။
.
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးတွင်
မူဆယ်-ရွှေလီ(ကြယ်ဂေါင်) လမ်းကြောင်းသည် ပြည်ပကုန်သွယ်မှု၏ ၇၃ ရာခိုင်နှုန်းမျှ
အားထားနေရကြောင်း သိရသည်။
.